ပီအက်စ်ဂျီအသင်းက နည်းပြသစ်အဖြစ် စပိန်အသင်း နည်းပြဟောင်း အင်းနရစ်ကိုခန့်အပ်ရန် သဘောတူညီမှု ရရှိထားပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုမည်
ပီအက်စ်ဂျီအသင်းက နည်းပြဂူတီယာနှင့် စာချုပ် ဖျက်သိမ်းပြီးနောက် နည်းပြသစ်အဖြစ် စပိန်အသင်း နည်းပြဟောင်း အင်းနရစ်ကို ခန့်အပ်ရန် သဘောတူညီ မှုရရှိထားပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိရန် မကြာခဏ နည်းပြအပြောင်းအလဲပြုလုပ်နေပြီး ၂၀၂၁ ခုနှစ်က နည်းပြပိုချက်တီနိုကို ခန့်အပ်ခဲ့သော်လည်း အောင်မြင်မှု မရရှိသောကြောင့် လမ်းခွဲခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီက နည်းပြသစ်အဖြစ် ဂူတီယာကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် နည်းပြဂူတီယာသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှု မရရှိခဲ့သည့်အတွက် အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသော်လည်း ပီအက်စ်ဂျီအသင်းက စာချုပ်ဖျက်သိမ်းပြီး နည်းပြရာထူးမှ ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။
နည်းပြအင်းနရစ်သည်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် စပိန်အသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်ပြီး အစောပိုင်းက စပါးအသင်းနည်းပြရာထူးအတွက် နီးစပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နည်းပြအင်းနရစ်သည် ပဲရစ်မြို့၌ ရောက်ရှိနေပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ယခုရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။