၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပကလပ်အဆင့် သတ်မှတ်ချက်တွင် ရမှတ်အများဆုံးအသင်းအဖြစ် မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပကလပ်အဆင့် သတ်မှတ်ချက်တွင် ရမှတ်အများဆုံးအသင်းအဖြစ် မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်

    ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ဥရောပကလပ် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာတွင် မန်စီး တီးအသင်းက ရမှတ်အများဆုံး အသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက်   ဥရောပ ကလပ်အဆင့် သတ်မှတ်ချက်တွင်    ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီးအသင်းက ရမှတ် ၃၃ မှတ်အထိရရှိခဲ့ပြီး ရမှတ်အများဆုံး အသင်းအဖြစ် ထိပ်ဆုံး၌ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက်   ဥရောပ ကလပ်အဆင့် သတ်မှတ်ချက်၌ ရမှတ်အများဆုံး ရရှိသည့်အသင်း ၁၀ သင်းစာရင်းတွင် ပြီးခဲ့သည့်ဘောလုံးရာသီက   ဥရောပအဆင့်ပြိုင်ပွဲများ၌  ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့်  အင်္ဂလန်နှင့် အီတလီကလပ်အသင်း အများစု ပါဝင်လာခဲ့ကြသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက  ချန်ပီယံလိဂ်ပြိုင်ပွဲ  ဗိုလ်လုပွဲသို့  မန်စီးတီးအသင်းနှင့်  အင်တာမီလန် အသင်း၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆီဗီလာအသင်းနှင့် ရိုးမားအသင်း၊ ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲတွင် ဝက်စ် ဟမ်းအသင်းနှင့်  ဖီအိုရင်တီးနားအသင်းတို့  တက်ရောက်ခဲ့ပြီး  အင်္ဂလန်နှင့်  အီတလီကလပ်အသင်း ငါးသင်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ဥရောပ ကလပ်အဆင့် သတ်မှတ်ချက်၌ အမှတ်အများဆုံးရရှိ သည့် ၁၀ သင်းစာရင်းတွင် ဝက်စ်ဟမ်း၊ ရီးယဲလ်မက်ဒရစ်နှင့် အင်တာမီလန် အသင်းတို့က ရမှတ် ၂၉ မှတ်စီ၊ ဘိုင်ယန်မြူးနစ်အသင်းက ရမှတ် ၂၇ မှတ်၊ နာပိုလီ နှင့် ဘင်ဖီကာအသင်းတို့က ရမှတ် ၂၅ မှတ်စီ၊ အေစီ မီလန်အသင်းက ရမှတ် ၂၄ မှတ်၊ ရိုးမားအသင်းက ရမှတ် ၂၂ မှတ်နှင့် ချယ်လ်ဆီး အသင်းက ရမှတ် ၂၁ မှတ် အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။