လူသိနည်းသော ကလေးဆီးချိုရောဂါ
ရန်ကုန်တိုင်းဒေသကြီး၌ ကလေးဆီးချိုရောဂါ ဖြစ်ပွားမှုသည် ကိုးနှစ်ကျော်အတွင်း လူဦးရေ ၄၀၀ နီးပါးရှိနေပြီး လက်ရှိဆေးဝါးကုသမှု ခံယူနေသည့် ကလေးငယ်ပေါင်း ၂၀၀ ခန့်ရှိနေကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကလေးဆီးချိုရောဂါသည် ယနေ့တိုင် လူသိနည်းသည့် ရောဂါအမျိုးအစားဖြစ်ပြီး ရန်ကုန်ကလေး ဆေးရုံကြီးအနေဖြင့် ကလေးဟော်မုန်းနှင့်ဆီးချိုရောဂါ ကုသမှုဌာနကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ကာ ကုသပေးလျက်ရှိသည်။ ထိုသို့ကုသရာတွင် (က)အမျိုးအစား-၁ ကလေးဆီးချို၊ (ခ) အမျိုးအစား-၂ ကလေးဆီးချိုဟူ၍ အမျိုးအစားများခွဲခြားသတ်မှတ်၍ ကုသပေးလျက်ရှိကာ ယင်းတို့အနက် အမျိုးအစား-၁ ကလေးဆီးချိုရောဂါဖြစ်ပွားသူ များပြားနေသည်။ဆီးချိုရောဂါအားလုံးသည် သွေးချိုဓာတ် မြင့်မားမှုကြောင့် ဖြစ်ပွားလာရပြီး နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။
• အမျိုးအစား-၁ ဆီးချိုရောဂါသည် ပန်ကရိယမှ အင်ဆူလင် မထုတ်လုပ်နိုင်တော့သည့် အခြေအနေမျိုး ဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို သောက်ဆေးဖြင့် မထိန်းချုပ်နိုင်ပါက အင်ဆူလင် ထိုးနှံသည့် ကုထုံးကိုခံယူရလေ့ရှိသည်။ အဆိုပါအမျိုးအစား-၁ ကလေး ဆီးချိုသည်ယနေ့ထိ တွေ့ရှိထား ချက်များအရ လူ့ဘဝတစ် သက်တာလုံး ဆီးချိုရောဂါကို ကုသမှုခံယူရသည်။ ထို့ကြောင့် ဆီးချိုရောဂါ အမျိုးအစား-၁ သည် ရောဂါပျောက်ကင်းအောင် ကုသနိုင်မည့် နည်းလမ်း မရှိသောကြောင့် ကြိုတင်ကာကွယ်ခြင်းမှတစ်ပါး အခြားမရှိနိုင်ပေ။
• အမျိုးအစား-၂ ဆီးချိုရောဂါသည် ကလေး၏ lifeStyle အပေါ် ပြောင်းလဲမှု လုပ်ပေးခြင်းနှင့် အစားအသောက်၊ အနေအထိုင် ပြုပြင်ပြောင်းလဲမှုတို့ပေါ် မူတည်၍ ရောဂါဖြစ်နိုင် ခြေလျော့နည်းသွားစေသည်။ သို့သော် ဆီးချိုရောဂါ မျိုးရိုးရှိသူ၊အထိုင်များသူ၊ အချိုများသည့် အစားအသောက်များ စားသုံးသူများသည် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည်။ အမျိုးအစား-၂ ဆီးချိုရောဂါလက္ခဏာများအနေဖြင့် ဆီးသွားများခြင်း၊ ရေမကြာခဏ ငတ်နေခြင်း၊ ကလေးတဖြည်းဖြည်းပိန်လာခြင်း၊ နုံးချည့်နေ ခြင်း စသည့် အခြေအနေများရှိလျှင် နီးစပ်ရာ ကလေးဆရာဝန်များထံ ပြသသင့်သည်။
ရန်ကုန်ကလေးဆေးရုံကြီး ပြင်ပလူနာဌာန၌ ကလေးဟော်မုန်းနှင့် ဆီးချိုရောဂါကို အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် နံနက် ၉ နာရီမှစတင်၍ လာရောက်ပြသနိုင်ပေသည်။
အဖြစ်များသောအမျိုးအစား-၁ ကလေးဆီးချို
ကလေးဘဝမှာပင် စတင်ဖြစ်ပွားတတ်ပြီး လူအနည်းငယ်တွင် အရွယ်ရောက်မှ ရောဂါလက္ခဏာ ခံစားရတတ်သည်။ မျိုးရိုးဗီဇ၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း စသည့် အကြောင်းရင်းများကြောင့် အမျိုးအစား-၁ ဆီးချိုရောဂါဖြစ်ပွားနိုင်သည်။ အထက်တွင် ရှင်းလင်းရေးသား ဖော်ပြထားသည့်အတိုင်း အမျိုးအစား-၁ ဆီးချိုရောဂါသည် အင်ဆူလင်မရှိသောကြောင့် ဖြစ်ပွားလာရပြီး ယင်းရောဂါဖြစ်နေပါက ခန္ဓာကိုယ်သည် အင်ဆူလင်ထုတ်ပေးသည့် ပန်ကရိယရှိဆဲလ်များ ဖျက်ဆီးခံရသဖြင့် အင်ဆူလင်ကို လုံလောက်စွာ မထုတ်ပေးနိုင်တော့ပေ။ ထိုအခါ ယင်းရောဂါရှိသူများသည် အသက်ရှင်သန်ရေးအတွက် အင်ဆူလင်ဆေးကို နေ့စဉ် ထိုးသွင်းအသုံးပြုရသည်။
ရောဂါလက္ခဏာများ
(က) အလွန်အမင်းဆာလောင်ခြင်း၊ (ခ) ရေငတ်ခြင်း၊ (ဂ) အကြောင်းမဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ (ဃ) မကြာခဏဆီးသွားခြင်း၊ (င) အမြင်မှုန်ဝါးခြင်း၊ (စ) ပင်ပန်းနွမ်းနယ်ခြင်း၊ (ဆ) အနာ၊ ဒဏ်ရာများ ပျောက်ကင်းမှုကြာခြင်း၊ (ဇ)စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်စေခြင်း စသည်တို့ဖြစ်သည်။ တချို့ကလေးများတွင် အချိန်ခဏအတွင်း အဆိုပါရောဂါလက္ခဏာများပြသကဲ့သို့ တချို့ကလေးများတွင် ရောဂါဖြစ်ပေါ်နေသော်လည်း လအတန်ကြာမှ ရောဂါလက္ခဏာများ သိသာထင်ရှားလာသည်။
ရောဂါဖြစ်စေသောအကြောင်းရင်း
ဆီးချိုရောဂါဖြစ်ပွားမှု မျိုးရိုးဗီဇရှိခြင်းက မွေးဖွားလာသောကလေးတွင် ဆီးချိုရောဂါ အမျိုးအစား-၁ ဖြစ်စေနိုင်သော အဓိကအကြောင်းရင်းဖြစ်သည်။ ထို့ပြင် ဆေးသကြားပါဝင်သော၊ အဆီစားများသော၊ သကြားဓာတ်များသော အစားအစာများစားခြင်းနှင့် အချိုရည်များကို သောက်သုံးခြင်း၊ နိုက်ထရိတ်ပါသော အရည်များ အလွန်အကျွံသောက်သုံးခြင်းကြောင့်လည်း ယင်းရောဂါဖြစ်လာရသည်။ နောက်ထပ် သတိပြု ရမည့်အချက်မှာ ခန္ဓာကိုယ်တွင်း ဗီတာမင်ဒီလျော့နည်းခြင်းကလည်း ဆီးချိုရောဂါ အမျိုးအစား-၁ ကို ဖြစ်စေနိုင်သည်။
ရောဂါကုသခြင်း
ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဆေးပညာရပ်များ မည်မျှပင် ခေတ်မီတိုးတက်နေပါသော်လည်း အမျိုးအစား-၁ ကလေးဆီးချိုရောဂါအတွက် အင်ဆူလင်ဆေးတစ်မျိုးဖြင့်သာ ကုသနိုင်သေးသည်။ အင်ဆူလင်သည် သောက်ဆေးမရှိဘဲ ထိုးဆေးတစ်မျိုးတည်းသာရှိပြီး နေ့စဉ် ဆေးထိုးနှံပေးရကာ လူ့ဘဝတစ်သက်တာလုံး ကုသရန်လိုအပ်သည်။
အကြံပြုချက်
အထက်တွင် ရေးသားဖော်ပြထားသည့်အတိုင်း ကလေးဆီးချိုရောဂါ အမျိုးအစား-၁ သည် အမျိုးအစား-၂ နှင့် ကွဲပြားခြားနားသည်။ ကလေးဆီးချိုရောဂါအတွက် မိဘများ၏ ပြုစုစောင့်ရှောက်မှု လွန်စွာ အရေးပါသည်။ ကလေးများ၌ ဆီးချိုဖြစ်ခြင်းတွင် မျိုးရိုးဗီဇကြောင့်မှလွဲ၍ ကျန်ဆီးချိုရောဂါသည် အချို အစားများခြင်းနှင့်အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်လာသဖြင့် သင့်ကလေးကို အဆီအအိမ့်၊ အချို လျှော့ကျွေးပါ။
အားဖြည့်အချိုရည်များ လုံးဝမတိုက်ပါနှင့်။ အစကောင်းမှ အနှောင်းသေချာ ဆိုသကဲ့သို့ ခန္ဓာကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးပါ။ နေ့စဉ်ဘဝတွင် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ခိုင်းပါ။ ကလေးတွင် စိတ်ဖိစီးမှုများမရှိစေရေးနှင့် ပတ်ဝန်းကျင် လူမှုဘ၀ ပျော်ရွှင်စွာ ကျင်လည်စေရေးတို့အတွက်လည်း အုပ်ထိန်းသူမိဘများအနေဖြင့် စီမံဆောင်ရွက်ပေးသင့်သည်။
အဝလွန် ဆယ်ကျော်သက်နှင့် ဆီးချိုအမျိုးအစား-၁ အန္တရာယ်
အစ္စရေးနိုင်ငံသုတေသနပညာရှင်များသည် လူငယ် ၁ ဒသမ ၅ သန်း၏ ကျန်းမာရေး အချက်အလက်များကို လေ့လာခဲ့ကြရာ ဆယ်ကျော်သက်ဘ၀ အဝလွန်မှုနှင့် အမျိုးအစား-၁ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုရှိကြောင်း ဖော်ထုတ်တွေ့ရှိထားသည်။ မိမိတို့ လေ့လာတွေ့ရှိချက်အရ ဆယ်ကျော်သက်ဘ၀ အဝ
လွန်ခဲ့သူများသည် ပုံမှန်အလေးချိန်ရှိသူများနှင့် နှိုင်းယှဉ်ပါက ဆီးချိုအမျိုးအစား-၁ ဖြစ်နိုင်ခြေ နှစ်ဆမြင့်မားကြောင်း၊ ထို့ပြင် မြီးကောင်ပေါက်ဘ၀ အဝလွန်ခဲ့သူများသည်လည်း ကိုယ်အလေးချိန် ပုံမှန်ရှိသူများနှင့် နှိုင်းယှဉ်ပါက ယင်းရောဂါဖြစ်နိုင်ခြေ ၅၄ ရာခိုင်နှုန်း မြင့်မားကြောင်း သုတေသီများက အတည်ပြုထားသည်။
မြီးကောင်ပေါက်ဘ၀ အဝလွန်မှုပြဿနာသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ရင်ဆိုင်ရသည့် ပြဿနာတစ်ရပ် ဖြစ်လာပြီး အနာဂတ်တွင်လည်း ထိုပြဿနာပိုကြီးမား လာဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ တစ်ဖန် ယင်းရောဂါသည် လူ့ခုခံအားစနစ် ဖောက်ပြန်ချိန်တွင် ဖြစ်ပွားတတ်သည့် ခုခံအားစနစ် ဖောက်ပြန်မှုရောဂါ တစ်မျိုးဖြစ်ပြီး သာမန်အားဖြင့် ကိုယ်အလေးချိန်နှင့် ဆက်စပ်မှုမရှိဟုလည်း ပညာရှင်များက သုံးသပ်ထားကြသည်။
၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုဖြစ်ပွားသူ နှစ်ဆခန့်တိုးလာနိုင်လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုရောဂါဖြစ်ပွားသူဦးရေသည် လက်ရှိအချိန်ထက် နှစ်ဆ မြင့်တက်လာနိုင်ကြောင်း ဆေးပညာအသိုင်းအဝိုင်းမှ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်ဟု theguardian.com တွင် ရေးသား ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အစောပိုင်းကောက်ယူထားသည့် စာရင်းများအရ ကမ္ဘာတစ်ဝန်း လူသေဆုံးခြင်းနှင့် မသန်စွမ်းမှုများဖြစ်စေသည့် အဓိကအကြောင်းရင်း ၁၀ ခုတွင် ဆီးချိုရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လူပေါင်း ၂၅၉ သန်းခန့်သည် ဆီးချိုရောဂါဖြင့် အသက်ရှင်နေထိုင်ကြရကြောင်း ဖော်ပြထားသည်။
ခန့်မှန်းချက်အသစ်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုရောဂါဖြစ်ပွားနေသူအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၅၂၉ သန်းရှိခဲ့ရာမှ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၃ ဘီလီယံခန့်အထိပင် တိုးလာမည်ဟု ခန့်မှန်းထားသည်။ လာမည့်နှစ်ပေါင်း ၃၀ အတွင်း ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ ကျဆင်းသွားဖွယ်မရှိဟုဆိုသည်။ အဆိုပါတွေ့ရှိချက်များကို The Lancet နှင့် The Lancet Diabetes & Endocrinology ဂျာနယ်များတွင် ဖော်ပြခဲ့သည်။
အချုပ်အားဖြင့်ဆိုသော် လူသားများအနေဖြင့် အဝလွန်ခြင်းသည် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာမှု၏ အဓိကနောက်ခံ အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ သို့သော် တခြားအကြောင်းရင်းများမှာ လူတို့၏အစားအသောက်၊ အနေအထိုင်၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့်ဖြစ်သည်။ ဆေးပညာရပ်ဝန်း၏လေ့လာမှုများအရ လာမည့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေအသင့်အတင့်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများ၏ လူငယ်သုံးပုံတစ်ပုံခန့်သည် ဆီးချိုရောဂါကိုခံစားရလိမ့်မည်ဖြစ်ကြောင်းနှင့် ချမ်းသာသော နိုင်ငံများ၌ပင် ဆီးချိုဖြစ်ပွားမှုမှာ တစ်ဆခွဲခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
သို့ပါ၍ ဆီးချိုရောဂါကို တိုက်ဖျက်ရန်မှာ ရေရှည်စီမံကိန်းတစ်ရပ်ဖြစ်ကြောင်းနှင့် မိသားစုမျိုးရိုးစဉ်ဆက် ဆီးချိုရောဂါအပေါ် အလေးထားအာရုံစိုက်မှု လိုအပ်နေပြီး နေ့စဉ်ဘဝတွင် ကျန်းမာရေးနှင့်အညီ နေထိုင် ပြုမူစားသောက်ကြစေလိုပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
ပေါက်ပေါက်