ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် အင်္ဂလန် ယူ-၂၁ အသင်း ပေးဂိုးမရှိဘဲ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်
ဥရောပ ယူ-၂၁ ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ် အဖြစ်ကစားသည့် အင်္ဂလန် ယူ-၂၁ အသင်းနှင့် အစ္စရေး ယူ-၂၁ အသင်းတို့ပွဲစဉ်တွင် အင်္ဂလန် ယူ-၂၁ အသင်းက ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီးနောက် ယခုပြိုင်ပွဲတွင် ပေးဂိုးမရှိဘဲ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများမှ လူငယ်ကစားသမား အများစုဖြင့် စုဖွဲ့ထားသည့် အင်္ဂလန် အသင်းသည် ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် ပုံစံကောင်းများ ပြသနိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များအဖြစ် ကစားခဲ့ရာတွင် ချက်အသင်းကို ၂ ဂိုး- ဂိုးမရှိ၊ အစ္စရေးအသင်း ကို ၂ ဂိုး - ဂိုးမရှိ၊ ဂျာမနီအသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် အသီးသီးအနိုင် ရရှိသကဲ့သို့ ကွာတားဖိုင်နယ်အဆင့်တွင်လည်း ပေါ်တူဂီအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိကာ ဆီမီးဖိုင်နယ် အဆင့်တွင်လည်း အုပ်စုတွင်းမှ အစ္စရေးအသင်းကို ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ယခုပြိုင်ပွဲတွင် ပေးဂိုးမရှိဘဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
အင်္ဂလန် ယူ-၂၁ အသင်းသည် ၂၀၀၉ ခုနှစ်က ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ပြီး ဂျာမနီအသင်းကို ရှုံးနိမ့်သည့်အတွက် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။