အမ်ဘတ်ပီကို အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် ရက်သတ္တနှစ်ပတ်သာ အချိန်ပေးမည်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ သတိပေး

အမ်ဘတ်ပီကို အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် ရက်သတ္တနှစ်ပတ်သာ အချိန်ပေးမည်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ သတိပေး

    ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ    အယ်လ်လိုင်ဖီက အသင်းမှ အဓိက တိုက်စစ်ကစားသမား အမ်ဘတ်ပီ ကို  အနာဂတ်အတွက်  ဆုံးဖြတ်ချက်ချရန် ရက် သတ္တနှစ်ပတ်သာ အချိန်ပေးမည် ဖြစ်ကြောင်း သတိပေး ပြောကြားသည်။

အသက် ၂၄ နှစ်အရွယ် အမ်ဘတ်ပီသည် ၂၀၁၇ ခုနှစ်က  မိုနာကိုအသင်းမှ  ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းအတွင်းက အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုတော့မည် မဟုတ်ဘဲ စာချုပ်သက်တမ်း ကုန်ဆုံးပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ထွက်ခွာနိုင်သည်ဟု  ပြောကြားခဲ့ပြီးနောက်  ပီအက်စ်ဂျီအသင်းနှင့်  အမ်ဘတ်ပီတို့ကြား  အခြေအနေ တင်းမာမှုများ  စတင်ဖြစ်ပွားလာ ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းနှင့် အမ်ဘတ်ပီတို့သည် ၂၀၂၂ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလကလည်း အသင်းမှထွက်ခွာပြီး ရီးယဲလ်မက်ဒရစ် အသင်းသို့  ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဆုံးဖြတ်ချက်ပြန်လည် ပြင်ဆင်ကာ အသင်းနှင့် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ     အယ်လ်လိုင်ဖီက “အမ်ဘတ်ပီအနေနဲ့ အနာဂတ်အတွက်    နှစ်ပတ်အတွင်း ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ အဲဒီထက်ပိုပြီး အချိန်မပေးတော့ပါဘူး။ စာချုပ်သစ်မချုပ်ဆိုတော့ ဘူးဆိုရင်လည်း သူ့အတွက် ကျွန်တော်တို့ တံခါးဖွင့် ပေးထားပါတယ်။သူ့လိုကစားသမားမျိုးကို အသင်းကနေ အလွတ်ပြောင်းရွှေ့ ကြေးနဲ့တော့ မထွက်ခွာစေလိုပါဘူး။ သူ့ကို အသင်းမှာပဲ ဆက်ကစားစေချင်ပါတယ်။ သူ့အနေနဲ့ အသင်းမှာ ဆက်ကစားချင်တယ် ဆိုရင်တော့ အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆို ဖို့တော့လိုပါတယ်” ဟု ပြောကြားသည်။