ကချင်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ

ကချင်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ

မြစ်ကြီးနား  ဇူလိုင်   ၇

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည်  ကချင်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေသွေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုပညာသင်နှစ်တွင် KG+Grade 9 အထိ ပညာသင်ကြားနေသူ   ကျောင်းသား၊ ကျောင်းသူပေါင်း ၇၂ သိန်းကျော်ရှိရာ ထိုကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းထွက်သူမရှိရေး၊  ကျောင်းနေမြဲ ရေးအတွက် အားလုံးက ဝိုင်းဝန်းလက်တွဲ ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ KG+Grade 9 ပညာသင်ယူပြီးပါက မိမိတို့ ဝါသနာပါရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို   ဆက်လက် သင်ယူနိုင်ကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်း ကျောင်းပေါင်း ၅၁ ကျောင်း ဖွင့်လှစ်ထားကြောင်း၊  ဆရာ၊ဆရာမများ အနေဖြင့် အဆိုပါစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက် အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းကို အလယ်တန်းကျောင်းသား၊  ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြောကြားစေ လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် စာရင်းဇယား၊ အချက် အလက်များ ပြုစုပေးပို့ရာတွင် မှန်မှန်ကန်ကန် ဖြစ်စေရေး  အထူးဂရုစိုက်ဆောင်ရွက်ကြ စေလိုကြောင်းနှင့်   မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာကျောင်းအုပ်ကြီးများကို   စီမံအုပ်ချုပ်မှုဆိုင်ရာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်ရေး  စီမံဆောင်ရွက်လျက် ရှိကြောင်း  ပြောကြားသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများသို့ သွားရောက်၍ ကျောင်းသား၊ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍  ကျောင်းအဆောက်အအုံသစ် တည်ဆောက်နေမှုနှင့် စာသင်ခန်းအတွင်း  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနား တက္ကသိုလ်ရှိ တက္ကသိုလ် သုတေသနစင်တာသို့   သွားရောက်၍ စက်ပစ္စည်းများကို သုတေသနလုပ်ငန်းများ အတွက် အကျိုးရှိထိရောက်အောင် အသုံးပြုကြရန်၊ စက်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းလက်တွဲကြိုးစား ဆောင်ရွက်ကြရန်မှာကြားကာ  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)  အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၂)  အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။