ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့နှင့် မြန်မာ့သစ်ပင် စိုက်ပျိုးမှု
“ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊ ဖိုးတောင်သူတဲ” ဆိုတဲ့မြန်မာ့ကျေးလက် ဒွေးချိုးကဗျာထဲမှာ ချိုးငှက်နှစ်ကောင်ဟာ ထနောင်းပင်ပေါ်မှာ နားနေလျက်ရှိပြီး အနီးအနားရှိ မြေကွက်လပ်မှာ ပန်းတော်မြက်နဲ့နေဇာမြက်တို့ ပေါက်ရောက်လျက်ရှိပါတယ်။ ကဗျာစာကြောင်း အနည်းငယ်မှာထနောင်းပင်၊ နေဇာမြက်နဲ့ ပန်းတော်မြက်တို့ကို ဖော်ပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့မှာ သစ်ပင်များကို ချစ်ခင်မြတ်နိုးကြသူများ ဖြစ်ကြပါတယ်။အရိပ်ပင်ကို စိုက်လျှင်အရိပ်ရပြီး အသီးပင်ကိုစိုက်ပါက အသီးရပါမယ်။ သက်ရှိသတ္တဝါမှန်သမျှ သစ်ပင်သစ်တောကို အမှီပြုကာ ရှင်သန်ရပ်တည်ကြရပါတယ်။
“ဥတုရာသီတောကိုမှီ” ဆိုတဲ့ စကားအတိုင်း သစ်ပင်တောတောင်ရေမြေတို့ဟာ ရာသီဥတုသဘာဝ ပတ်ဝန်းကျင်ကို ထိန်းကျောင်းပေးလျက်ရှိပါတယ်။
တောင်ကုန်းတောင်တန်းများမှာ သစ်တောရှိလျှင် မိုးပိုမိုရွာသွန်းပါတယ်။ အကြောင်းကတော့ သစ်တောအပေါ်မှာရှိတဲ့ လေဟာအေးမြနေပါတယ်။ ရေခိုးရေငွေ့များဟာ လေအေးနဲ့တွေ့တဲ့အခါမှာ မိုးအဖြစ်ရွာသွန်းပါတယ်။ သစ်တောနဲ့မြေဆီလွှာတို့ဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲပြုနေကြပါတယ်။ သစ်ပင်များရဲ့ အစာအာဟာရကို မြေဆီလွှာမှရရှိပါတယ်။ လေ၊ မိုးရေ၊ ရေစီးကြောင်းတို့က မြေဆီလွှာများကို တိုက်စားကြရာ တိုက်စားခြင်းလျော့နည်းအောင် သစ်ပင်သစ်တောတို့က ကာကွယ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင်သားငှက် တိရစ္ဆာန်တို့ရဲ့ ခိုအောင်းနေရာဖြစ်ခြင်း၊ လူသားတို့ရဲ့ စိတ်ကိုကြည်နူးစေခြင်း စတဲ့ အကျိုးကျေးဇူးများကို ခံစားရမှာဖြစ်ပါတယ်။
သစ်ပင်မရှိတဲ့အရပ်ဒေသဟာ ကန္တာရအတိဖြစ်မှာပါပဲ။ လူသားတို့မှ သစ်ပင်များနဲ့ သစ်တောထွက် ပစ္စည်းများကိုအလွန်အကျွံ ထုတ်လုပ်မှုများလာပါက ချောင်းများ၊ စမ်းများမှာ ခန်းခြောက်သွားမှာပါ။
ပုပ္ပားတောင်ပတ်ဝန်းကျင်မှာ ရှေးကစမ်းပေါင်း ၃၀ရှိခဲ့ပေမယ့် တောင်စွယ်မှ သစ်ပင်များကို ခုတ်ထွင်ကြတဲ့အတွက် ယခုအခါမှာစမ်းရေပေါက် ကိုးခုသာရှိနေခြင်းက သာဓကအဖြစ် ပြသလို့နေပါတော့တယ်။
စာရေးသူတို့ရဲ့ ရှမ်းပြည်နယ်မှာ ဆိုလျှင်လည်း ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ဖို့ စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ကြရာ သစ်တောများ ပြုန်းတီးခဲ့ပြီး မြေဆီလွှာ တိုက်စားခြင်းများလာတဲ့အတွက် မြေဧကပေါင်းများစွာတို့မှာ စိုက်ပျိုးလို့ မဖြစ်ထွန်းနိုင်ဘဲမြေပျက်၊ မြေကောများ ဖြစ်သွားကြပါတော့တယ်။ ဒါ့အပြင် ကမ္ဘာပေါ်ရှိသစ်ပင်များဟာ တောမီးလောင်ကျွမ်းမှုများကြောင့် တစ်နေ့တခြား ပျက်စီးပြုန်းတီးနေပါတော့တယ်။ ဒါ့ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှာ လွင်တီးခေါင်ကန္တာရအဖြစ်သို့ ပြောင်းလဲကုန်ကာ ကမ္ဘာကြီးမှာလည်း ပိုမိုပူနွေးမှုကို ရင်ဆိုင်နေရပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ရေနွေးနဲ့ ရေအေးစီးကြောင်းတို့မှာပြောင်းလဲလာကာ သမုဒ္ဒရာ ရေစီးကြောင်းမှာလည်း ပြောင်းလဲလို့လာပါတယ်။
သမုဒ္ဒရာရေစီးကြောင်းပြောင်းလျှင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး မြစ်ရေကြီးခြင်းများ၊ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုများကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင်ကမ္ဘာအနှံ့အပြားမှာ အပူချိန်မြင့်မားခြင်း၊ နှင်းမုန်တိုင်းနဲ့ သဲမုန်တိုင်းများ တိုက်ခတ်ခြင်း၊ နှင်းပျောက်တဲ့ ဆောင်းရာသီများ ဖြစ်ပေါ်ခြင်းစတဲ့ ရာသီဥတုဆိုးဝါးမှုဒဏ်ကို ခံစားကြရပါတယ်။ ဒါတင်မကသေးဘဲ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်းစတဲ့ သဘာဝဘေးဒဏ်များကိုလည်း ယှဉ်တွဲခံစားရကာ လူသားတို့ရဲ့အသက်များ ဆုံးရှုံးလျက်ရှိပါတယ်။
ယနေ့ကမ္ဘာကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လုပ်မှု များပြားလာကာ အောက်ဆီဂျင် ဓာတ်လျော့နည်းလို့နေပါပြီ။ မြို့ပြများမှာ အသက်ရှူမဝဖြစ်လာကာ ကျန်းမာရေးဆိုင်ရာ ပြဿနာများမှာ ပြင်းထန်နေပါတယ်။ ဒီလိုရာသီဥတုဆိုးဝါးတာ၊
သဘာဝဘေးအန္တရာယ် ကျရောက်တာနဲ့ ကျန်းမာရေးပြဿနာဖြစ်ပေါ်တာတို့ကို ကာကွယ်နိုင်ဖို့ဆိုလျှင် ကမ္ဘာမြေကြီးဟာ စိမ်းလန်းစိုပြည်ရမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ကမ္ဘာမြေစိမ်းလန်းစိုပြည်နေစေရန် အတွက် လူသားတိုင်းမှာ သစ်ပင်များကို စိုက်ပျိုးကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးကဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အားလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများမှာ ဇူလိုင်လကိုသစ်ပင်စိုက်ပျိုးရေး လအဖြစ်သတ်မှတ်ပြီး ဇူလိုင်လ ၇ ရက်နေ့ကိုလည်း ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင်ကမ္ဘာ့စက်မှုအင်အား ကြီးနိုင်ငံများမှ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးအတွက် လက်မှတ်ရေးထိုးစေခြင်း၊ ကမ္ဘာမြေစိမ်းလန်း စိုပြည်ရေးအတွက် ရန်ပုံငွေထည့်ဝင်စေခြင်း ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်းသဘာဝ ၀န်းကျင်ရာသီဥတု ထိန်းသိမ်းရေးကိုလည်း အကူအညီပေးလျက် ရှိပါတယ်။ သစ်ပင်တို့ရဲ့ သဘာဝမျိုးစိတ်ကွဲများ ပျက်သုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် နိုင်ငံဒေသအသီးသီးမှာ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိတယ်။ သစ်ပင်သစ်တောတွေကို ကြိုးဝိုင်းတောများအဖြစ် သတ်မှတ်ထိန်းသိမ်းခြင်း၊ ဘေးမဲ့နယ်မြေများ သတ်မှတ်ကာမျိုးစိတ်ကွဲများ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း၊ သစ်တစ်ပင်ခုတ် တစ်ပင်ပြန်စိုက်စနစ်နဲ့ ပြုလုပ်ထိန်းသိမ်းခြင်းများကိုလည်းပြုလုပ်လျက်ရှိကြပါတယ်။ သစ်ပင်များကို အကြောင်းမဲ့ခုတ်လှဲခြင်း မပြုရန် ဥပဒေအမိန့်များ ထုတ်ပြန်သတ်မှတ်ကာ ပြစ်ဒဏ်ပေးခြင်းတို့နဲ့လည်း ဆောင်ရွက်လျက်ရှိတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင်လသို့ရောက်ရှိလာလျှင် နေရာဒေသအနှံ့အပြားမှာ လူထုလှုပ်ရှားမှု အသွင်အနေနဲ့ သစ်ပင်များကို စိုက်ပျိုးလျက်ရှိပါတယ်။
အခြေခံကျောင်းများမှအစ ဌာနဆိုင်ရာများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။
ပျိုးဥယျာဉ်များမှသစ်ပင်များ ဖြစ်ကြတဲ့ ရှား၊ ထနောင်း၊ မဲဇလီ၊ ဘောစကိုင်း၊ မြန်မာကုက္ကို၊ ညောင်ပင်၊ တမာ၊ ယူကလစ်၊ အော်ရေးရှား၊ ကန္တာစိမ်း၊ မန်ကျည်း၊ ဒဟတ်၊ ရင်းမာတို့ကိုစိုက်ပျိုးကြရာ တစ်အုပ်တစ်မအဖြစ် ရှင်သန်ကြီးထွားနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင်စိန်ပန်း၊ ပိတောက်၊ မျက်ခြယ်စတဲ့ လှပစိမ်းစိုအရိပ်ရလေကာပင်တွေ၊ ငှက်ပျော၊ မာလကာ၊ သြဇာစတဲ့ သီးပင်စားပင်တွေ၊ နှင်းဆီ၊ ခွာညို၊ ပျဉ်းမ၊ ငုဝါစတဲ့ပန်း အလှပင်တွေကို တစ်နိုင်တစ်ပိုင် အဖြစ်စိုက်ပျိုးကြပါတယ်။ အပင်ပေါက် ၁၁ သန်းကို မြန်မာ့မြေပေါ်မှာ နှစ်စဉ်နှစ်တိုင်း စီမံချက်ချစိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။သစ်ပင်စိုက်ပျိုးရေးကို အဓိကဆောင်ရွက်နေသည်မှာသစ်တောဦးစီးဌာနမှဖြစ်ပြီး ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းနဲ့ တည်ထောင်ခြင်းစတဲ့ လုပ်ငန်းတာဝန်သုံးရပ်ကို ဆောင်ရွက်လျက်ရှိပါတယ်။
စိုက်ပျိုးတဲ့နေရာမှာ စီးပွားဖြစ်ကျွန်းစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ကျေးရွာသုံးထင်းစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်းနဲ့ အစုအဖွဲ့ပိုင် စိုက်ခင်းဆိုပြီး ငါးမျိုးရှိကြောင်း သိရှိရပါတယ်။ အသင်းအဖွဲ့များမှလည်း ငွေကြေးအကုန်အကျခံကာ ပရဟိတလုပ်ငန်းအဖြစ် ဆောင်ရွက်နေသည်မှာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့စရိုက်ပင် ဖြစ်ပါတော့တယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထားတဲ့ သစ်တောများကိုထိန်းသိမ်း ကာကွယ်ခြင်းနဲ့ သဘာဝတောများကို စောင့်ရှောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတာကြောင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဟာ အောင်မြင်လျက်ရှိတယ်။
မြန်မာနိုင်ငံဧရိယာရဲ့ ၅၁ ရာခိုင်နှုန်းဟာ သစ်တောများဖြစ်ကြပြီး သဘာဝစိမ်းလန်းစိုပြည်ရေးကို ရည်မှန်းချက်ထား အကောင်အထည်ဖော်လျက် ရှိပါတယ်။ အထူးသဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးကို စီမံကိန်းချ ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းမှာရှိတဲ့ ခရိုင်ကိုးခရိုင်ကို”ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်း” အဖြစ် ၂၀၂၀ ပြည့်နှစ်က ချမှတ် လုပ်ဆောင်ခဲ့ပါတယ်။
သစ်ပင်များကိုတိုးချဲ့စီစဉ်ကာ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရတယ်။ မြင်းခြံခရိုင်မှ တောင်သာတောင်၊ တောင်ဖီလာတောင်၊ ကျောက်တစ်လုံးတောင်၊ မြင်စိုင်းတောင်၊ ညောင်ဦးမြို့နယ်မှတုရင်တောင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ပုပ္ပားတောင်တို့မှာ ရေဝေရေလဲလုပ်ငန်းများဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ ဂျပန်နိုင်ငံယိုမီယူရီ သတင်းစာဌာနမှ လှူဒါန်းမှုနဲ့ စိုက်ခင်းများကို ဆောင်ရွက်ခဲ့ရာ မြန်မာယိုမီယူရီစိုက်ခင်းလို့ အမည်ပေးခဲ့ပါတယ်။ ကျောက်ပန်းတောင်းနဲ့ ပျဉ်းမနားကြိုးပြင် ကာကွယ်တောများကို အောင်မြင်စွာ ထူထောင်ထားရှိပြီး ဖြစ်ပါတယ်။ မြန်မာဂျစ်ပရိုစိုက်ခင်း(၁)၊ (၂)၊ (၃)တို့ဟာ ဂျပန်နိုင်ငံရဲ့ လှူဒါန်းငွေနဲ့ သစ်တောဦးစီးဌာနက တည်ဆောက်ထားတဲ့ စိုက်ခင်းတို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ သစ်ပင်ပန်းပင်မျိုးကွဲပေါင်း ၇၀၀၀ ခန့်ရှိပြီး ဆေးဖက်ဝင်မှုနဲ့ လူသုံးပစ္စည်းဖန်တီးနိုင်မှုတို့ဟာ များလှပါတယ်။
အမျိုးသားအမွေအနှစ် ရတနာသိုက်ကြီး တစ်ခုဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် တိကျတဲ့ သစ်တောဥပဒေများကိုလည်း ပြဋ္ဌာန်းထားရှိတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ကမ္ဘာပေါ်မှာသစ်ပင်များ တည်ရှိခြင်းရဲ့ ကောင်းကျိုးများ၊ သစ်ပင်များ လျော့နည်းခြင်းရဲ့ လူမှုဒုက္ခများကို သိရှိကြပြီးဖြစ်တယ်။ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ဟာ ထူးကဲလျက်ရှိပြီး ကမ္ဘာ့လူသားထု ကောင်းမွန်စွာရှင်သန်ရေးကို အထောက်အကူပြုနေပါတယ်။ ဒါ့ကြောင့် “ကမ္ဘာထဲတွင် အသက်ရှင်၊ သက်ရှိသက်မဲ့ပတ်ဝန်းကျင်၊ မိသားစုအသွင်စိတ်မှာထား၊ ထိန်းသိမ်းကြစို့ တို့ကြိုးစား” ဆိုတဲ့ သစ်တောဦးစီးဌာနရဲ့ ဆောင်ပုဒ်လေးအတိုင်း ယခုလို မိုးဖြိုင်ဖြိုင်ကျနေတဲ့ ဇူလိုင်လမှာ သစ်ပင်များကို စိုက်ပျိုးကြဖို့ နှိုးဆော် တိုက်တွန်း လိုက်ရပါတော့တယ်။ ။