သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရောဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၈
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှု ပတ်ဝန်းကျင်ကိုပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ် ပြီးကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ် အရေးကြီး လှပါသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ လျှင်သန့်ရှင်း သာယာလှပသောမြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် လျက်ရှိကြပြီးအပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်း သာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပ ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်(၇) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၄)မြို့နယ် တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၃)နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၅)မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ် တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိမြို့နယ်(၁၃) မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၀)မြို့နယ် တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြ သည်။
ထို့ပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိလူငယ်၊ လူရွယ်များ စုစည်း၍ “မြို့ရွာ သန့်ရှင်း ရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း” စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး တက္ကသိုလ်ဝန်းအတွင်း၌ စုပေါင်းအမှိုက် ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျအမှိုက် စွန့်ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။