အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရ

အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရ

နေပြည်တော်  ဇူလိုင်  ၈

 

၂၀၂၃ အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စုစတုတ္ထနေ့ကို ဇူလိုင် ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့တွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စုပထမပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည်   အဖွင့်ပွဲအနိုင်ရခဲ့သဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် မျှော်လင့်ချက်ရှိလာပြီး ဒုတိယပွဲဖြစ်သည့် ထိုင်းနှင့်ပွဲတွင် အဆုံးအဖြတ် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည်    ဖီးဗေ (ဂိုး)၊ မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ ဝေနှင်းဖြိုး၊   ယွန်းဝတီလှိုင်၊ ဇင်မိုးပြည့်၊   ယဉ်လွန်းအိမ်၊  ယုယနိုင်၊ ကြယ်စင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဖိလစ်ပိုင် အသင်း ကလည်း ပထမပွဲတွင် ထိုင်းကို ဂိုးပြတ်အရေးနိမ့်ထားသဖြင့် နောက်ဆုံးမျှော်လင့်ချက်အတွက် ရုန်းကန်ခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ချေပဂိုးသွင်းယူ

မြန်မာအသင်းသည် ချေပဂိုးရရန် ဒုတိယပိုင်းတွင် ကြိုးပမ်းလာပြီး ၅၉ မိနစ်တွင် တိုက်စစ်မှူး ဇင်မိုးပြည့်က ချေပဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုးပြန်ရခဲ့သဖြင့် မြန်မာအသင်းစိတ်ဓာတ်တက်လာပြီး ၇၅ မိနစ်တွင် ယဉ်လွန်းအိမ်က အနိုင်ဂိုးသွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇူလိုင် ၁၀ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရဲရင့်လွင်