အမွန်မြတ်ဆုံးသောစွမ်းဆောင်မှု
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စု နယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက်(၄) ရပ်ဖြင့် တည်ထားကိုးကွယ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည ်ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်သည့်နိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို မပျောက်ပျက်စေရန် ပဉ္စသင်္ဂါယနာတင်ခြင်းကို ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်တွင် လည်းကောင်း၊ ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ဝန်ကြီးချုပ်ဦးနု လက်ထက်တွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ခိုင်မာသော အခြေခံ ရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ခိုင်မာမှုရှိခြင်းကို ပြသရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်အတွက် သာသနာတော်ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်သာယာဝပြောမှုရှိခြင်း ဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ် လာဘများ တိုးတက်စေရမည်။ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်ရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေး ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှုမေတ္တာတရားထားသည့် ဘာသာတရားတစ်ခုဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတရား၏အောက်တွင် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုရှိစေရေး ရည်ရွယ်ချက်များဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ ၂၀ ရှိ A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့သည်။ ဆင်းတုတော်ကြီး တည်ထားကိုးကွယ်ရန်ဆောင်ရွက်ရာ၌ ခေတ်အလိုက်တည်ထား ဆောင်ရွက်ခဲ့သည့် ရုပ်ပွားတော်များထဲမှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန်ဘူမိဖဿပုံစံဖြင့်တည်ထားကိုးကွယ်နိုင်ရေးဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည်လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ နိုင်ငံတော်၏သမိုင်းမှာ အဆက်ပြတ်သွားခဲ့သည်။ ၁၉၄၈ ခုနှစ်မှသာလွတ်လပ်ရေးပြန်လည်ရရှိခဲ့သည်။ ကိုလိုနီဖြစ်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများ ပျက်စီးသွားခဲ့သည်။ ထို့ကြောင့်နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကိုယူရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆင်းတုတော်ကြီးများ ထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကို စကျင်တောင်မှဧရာဝတီမြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့်ကုန်းလမ်းမှ နေပြည်တော်သို့ သယ်ဆောင်ခဲ့ရသည်။ ပင့်ဆောင်သယ်ယူချိန်တွင် ထုထည်ပမာဏကြီးမားခြင်းကြောင့် အခက်အခဲများကြားမှ ပင့်ဆောင်သယ်ယူခဲ့ရသည်။
စကျင်တောင်မှသယ်ဆောင်ရန်အတွက် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော်(ရေ)တို့ ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်လုပ်ရာတွင် မြေကျင်း ၉၂၅၀၇ ကျင်း၊ တူးမြောင်းအရှည် ၄၅၈၃ ပေ ဖောက်လုပ်ဆောင်ရွက်ခဲ့ရသည်။၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင်ကျောက်တုံးတော်ကြီးများကို စတင်ပင့်ဆောင်ခဲ့ရာ စုစုပေါင်း ကိုးကြိမ်ပင့်ဆောင်ခဲ့ရသည်။ တန်ချိန်အားဖြင့် ၈၁၅၈ တန်သယ်ဆောင်ခြင်း ဖြစ်သည်။
ရေလမ်းခရီးမှ စကျင်ကျောက်တုံးတော်ကြီးများ သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ရောက်ရှိခဲ့သည်။ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများချောမွေ့စွာသယ်ယူနိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းအား ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်စတင် ပင့်ဆောင်ခဲ့သည်။ ထိုသို့ပင့်ဆောင်ရာတွင် တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြားသယ်ဆောင်နိုင်သည့် ကားများ သွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့် သယ်ဆောင်ရာတွင် စုစုပေါင်း ခုနစ်ခေါက်သယ် ယူခဲ့ရပြီး အလေးချိန်အားဖြင့် ၇၆၃၂ တန်ဖြစ်သည်။ အလေးချိန် အများဆုံး စကျင်ကျောက်အား အဝေးဆုံး သောရေလမ်းခရီးသယ်ဆောင်မှုနှင့် ကုန်းလမ်းခရီး သယ်ဆောင်မှုတို့ကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။
ဤသည်မှာ ဗုဒ္ဓသာသနာတော်အတွက် စေတနာသဒ္ဓါတရားဖြင့် အမွန်မြတ်ဆုံး စွမ်းဆောင်မှု အောင်မြင်ခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။