မိုးရာသီတွင်ဖြစ်တတ်သော ငှက်ဖျားရောဂါအကြောင်း

မိုးရာသီတွင်ဖြစ်တတ်သော ငှက်ဖျားရောဂါအကြောင်း

ငှက်ဖျားရောဂါသည်    ငှက်ဖျားရောဂါပိုးသယ် ဆောင်လာသည့် အနောဖလိခြင်အမ (Anopheles) ကိုက်ရာမှ လူ့ခန္ဓာကိုယ်ထဲသို့ ပိုးဝင်ရောက်ကာ စတင် ဖြစ်ပွားစေသည်။ ငှက်ဖျားရောဂါသည် မိုးရာသီကာလတွင်  ဖြစ်ပွားမှုများပြီး တောတောင်များ၌  အလုပ်လုပ်ကိုင်သူများနှင့် ရွှေ့ပြောင်းလုပ်သားများမှာ ဖြစ် ပွားမှုပိုများသည်။ အနောဖလိခြင် အမသည် သက်တမ်းတစ်လခန့်အထိ  ရှည်ကြာနိုင်၍  ပင်လယ်ကမ်းခြေ ဒေသများ၊   တောတောင်ထူထပ်သောဒေသများ၊  လယ်ကွင်းများ၊  ရေကြည်ရေသန့်ရှိသောစိုက်ခင်း များ၊  ရေမြောင်းများနှင့်  ရေတိမ်စမ်းချောင်းများ၏  ရေစပ်များ၌လည်း   ပေါက်ပွားနိုင်ပြီး   မိုးရာသီတွင် ပေါက်ပွားမှု ပိုမိုများပြားနိုင်သည်။ 

ငှက်ဖျားရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားတတ်ပြီး  ကိုယ်ဝန်ဆောင်မိခင်များ   ငှက်ဖျားရောဂါ ဖြစ်သည့်အခါ  အချိန်မတိုင်မီ  ကလေးမီးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်သောကလေးမွေးဖွားခြင်း၊ မွေး ဖွားပြီးပြီးချင်း  ကလေးသေဆုံးခြင်း၊  သားလျှောခြင်း စသည်တို့ဖြစ်နိုင်သည်။ အနောဖလိခြင်အမအကိုက်ခံ ရပြီးနောက်  ၁၀  ရက်မှ ရက်သတ္တသုံးပတ်အတွင်း ငှက်ဖျားပိုးဝင်တတ်ပြီး လူ့ခန္ဓာကိုယ်အတွင်း ငှက်ဖျား ရောဂါပိုးတစ်ကြိမ်ဝင်ရောက်မိပြီဆိုသည်နှင့်  ရောဂါ ပျောက်ကင်းရန် လွန်စွာခဲယဉ်းသည်။

သတိပြုဖွယ် ဆေးယဉ်ပါးငှက်ဖျားရောဂါ

ဆေးယဉ်ပါးငှက်ဖျားရောဂါဟူသည်မှာ ငှက်ဖျားဆေးများ ပုံမှန်မသောက်ခြင်း၊ ငှက်ဖျားဆေးအတုများ သောက်သုံးမိခြင်းတို့ကြောင့်   ဖြစ်ပွားရခြင်းဖြစ်ပြီး ဆေးမတိုးသောငှက်ဖျားရောဂါအဖြစ်သို့   ရောက်ရှိ လာခြင်းကိုခေါ်သည်။ အဆိုပါဆေးယဉ်ပါးငှက်ဖျား ရောဂါသည် ယခုအခါ အိမ်နီးချင်းနိုင်ငံတချို့၌ ဖြစ်ပွား လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့လာ ခြင်းမဖြစ်ရလေအောင် ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် နယ်စပ်ဒေသများ၌ ယင်းရောဂါအတွက် အလေး ထားကာကွယ်စောင့်ရှောက်မှုများ   ဆောင်ရွက်ခြင်း၊ ဆေးဝါးဈေးကွက်တွင်     ငှက်ဖျားဆေးအတုများ ဝင်ရောက်လာခြင်းမရှိစေရေးအတွက် သက်ဆိုင်ရာ အစိုးရ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပုံမှန်ပေးနေကျ ငှက်ဖျားဆေးများကို ခံနိုင်ရည်ရှိ သောဆေးယဉ်ပါးငှက်ဖျားရောဂါသည် အရှေ့တောင် အာရှနိုင်ငံများဆီ လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီဖြစ် ကြောင်း အထူးသဖြင့်  ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဆေးပညာရှင်များက ထုတ်ဖော်ပြောကြားထားသည်။ ငှက်ဖျားရောဂါ  နှိမ်နင်းတိုက်ဖျက်သောနေရာတွင် အောင်မြင်အောင် လုပ်ဆောင်လာနိုင်ခဲ့သော်လည်း ဆေးဒဏ်ခံနိုင်သောရောဂါ ပျံ့နှံ့လာမှုက ခြိမ်းခြောက် လာလျက်ရှိသည်။   ထို့အတူ  မြန်မာနိုင်ငံ၌လည်း လက်ရှိ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းနေသော် လည်း ဆေးယဉ်ပါးငှက်ဖျားရောဂါအတွက် စိုးရိမ်ရကြောင်း  ကျန်းမာရေးဝန်ကြီးဌာန  ဆေးသုတေသန ဦးစီးဌာနမှ သတိပေးထားသည်။

မြန်မာနိုင်ငံနှင့် ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။    ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများ၌ ဖြစ်ပြီး  ဒုတိယအများဆုံး ဖြစ်ပွားသေဆုံးမှုနှုန်းမှာ အရှေ့တောင်အာရှနိုင်ငံများ၌ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည်လည်း အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့ နှင့်အတူ ဖြစ်ပွားသေဆုံးမှုနှုန်း အများဆုံးနိုင်ငံတွင် ပါဝင်နေသည်။ မြန်မာ့လူဦးရေတစ်ဝက်ကျော်သည် ငှက်ဖျားရောဂါကူးစက်မှုအန္တရာယ်ရှိသည့် ဒေသများ၌ နေထိုင်နေကြရပြီး တစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွား သူသုံးသိန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကမ္ဘာတစ်ဝန်းရှိ  လူဦးရေ ၄ ဒသမ ၃  သန်းကို ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့်  ကုသမှုရှိခြင်းတို့မှတစ်ဆင့်   အသက်ရှူခွင့်ရရှိကြောင်း၊   ယင်းတို့ထဲမှ ၉၂ ရာခိုင်နှုန်းမှာ အသက်ငါးနှစ်အောက်ကလေးများ ဖြစ်ကြောင်းUnicef (Myanmar) မှ ထုတ်ပြန်ခဲ့သည်။ ဒေသန္တရကျန်းမာရေး ဝန်ထမ်းများက ကြိုးစားအားထုတ်လျက်ရှိသော်လည်း     ယနေ့အချိန်ထိ ငှက်ဖျားရောဂါကို ထိထိရောက်ရောက် ချေမှုန်းနိုင်ရန် ခက်ခဲနေပါသေးသည်။

ငှက်ဖျားရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ ချွေးစေးများထွက်ကာဖျား ၍ချမ်းတုန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွေးထွက်ခြင်း၊ အစားအသောက်ပျက်ပြီးအန်ခြင်း၊  ဝမ်းသက်ခြင်း၊ ဘေလုံးကြီးခြင်း  စသည်တို့ဖြစ်သည်။ စတင်ဖျားပြီး ၂၄ နာရီအတွင်း ထိရောက်စွာကုသမှုခံယူခြင်းမရှိ ပါက ရောဂါပြင်းထန်တတ်သည်။ ထိုအခါ သွေးအား နည်းပြီး ဖြူရော်လာခြင်း၊ ဆီးထဲတွင်  သွေးပါခြင်း၊ ငှက်ဖျားပိုးဦးနှောက်ထဲရောက်၍တက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ အဖျားကြီးလွန်း၍ သတိလစ်မေ့မြော ခြင်း၊ သွေးတွင်းသကြားဓာတ်လျော့ကျခြင်း၊ အသက်ရှူလမ်းကြောင်းတွင် ပြဿနာကြီးဖြစ်လာခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ဆီးအရောင်မည်းခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ သရက်ရွက်ကြီးခြင်း၊ ကိုယ်အတွင်းအင်္ဂါ များပျက်စီးခြင်း စသည့် ပြင်းထန်ငှက်ဖျားရောဂါ လက္ခဏာများ  ဆက်လက် ဖြစ်ပေါ်လာပြီး  အသက် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

ငှက်ဖျားရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နည်း

ငှက်ဖျားရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ လွန်စွာများပြားသဖြင့် ခြင်ကိုက်မခံရအောင် နည်းအမျိုး မျိုးဖြင့် ကြိုတင်ကာကွယ်ထားသင့်သည်။ အကယ်၍ ငှက်ဖျားရောဂါဖြစ်ပွားနိုင်သည့် အရပ်ဒေသများသို့ မဖြစ်မနေသွားရမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ငှက်ဖျားကာကွယ်ဆေးကို ကြိုတင်သောက်သုံးခြင်း သို့မဟုတ် ကြိုတင်ဆေးထိုးနှံခြင်း၊ ဆေးဆောင်ထားခြင်း ပြုလုပ်သင့်သည်။   ငှက်ဖျားရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရန်  မခက်ခဲသော်လည်း  အခြေခံကျန်းမာရေး ဗဟုသုတအားနည်းနေကြသဖြင့် နှစ်စဉ် ငှက်ဖျားရောဂါလူနာသစ်များ    ထွက်ပေါ်လျက်ရှိသည်။    အကောင်းဆုံးနှင့်   အထိရောက်ဆုံးသော ကြိုတင်ကာကွယ်နည်းမှာ     ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ခြင်းဖြစ်ပြီး အိပ်သည့်အခါ ခြင်ထောင် ဖြင့် အိပ်သင့်သည်။

အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပွားလေ့ရှိသော ဒေသများ၌  ဆေးခြင်ထောင်ဖြင့်အိပ်ခြင်း၊   ခြင်ပေါက်ပွားရာ နေရာများ မရှိအောင်   ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးဂရုပြုဆောင်ရွက်ခြင်း၊  မိမိကိုယ်ကို  ငှက်ဖျားရောဂါ ဖြစ်နေသည်ဟု  သံသယရှိပါက  တတ်နိုင်သမျှစောစီးစွာ  နီးစပ်ရာ  လူထုအခြေပြု စေတနာ့ဝန်ထမ်းငှက်ဖျား လုပ်သား သို့မဟုတ် ကျန်းမာ ရေးဌာနများတွင် အခမဲ့သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ စစ်ဆေးပြီးနောက် ငှက်ဖျားပိုးတွေ့ရှိပါက     အစွမ်းထက်ငှက်ဖျား ဆေးပေါင်းများကို    စေတနာ့ ဝန်ထမ်းများနှင့်   ကျန်းမာရေးဌာနများက အခမဲ့ပေးအပ်မည်ဖြစ်သည်။ ထိုငှက်ဖျားဆေးပေါင်းကို  အချိန်မှန်မှန်သောက်ရန်နှင့်  အညွှန်းအတိုင်း ကုန်အောင်သောက်ပေးမှသာ လူနာမိသားစုဝင်များနှင့် ပတ်ဝန်းကျင်ကို  ထပ်မံကူးစက်မှု မရှိစေမည်ဖြစ်ပြီး     ငှက်ဖျားဆေးယဉ်ပါးမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ် သည်။

လွယ်ကူမြန်ဆန် အိမ်တွင်းကုထုံးများ

ငှက်ဖျားရောဂါသည်  မြန်မာနိုင်ငံ၌  ရှေးယခင်ကတည်းက ဖြစ်ပေါ်လာခဲ့သဖြင့် ရှေးလူကြီးများက အိမ်တွင်းကုထုံးများကိုသုံးကာ   ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် ကုသခဲ့ကြသည်။ သို့ဖြစ်၍ ငှက်ဖျား ရောဂါနှင့်ပတ်သက်သော လွယ်ကူမြန်ဆန်အိမ်တွင်း ကုထုံးများကို ကျန်းမာသုတရစေရန် အောက်ပါအတိုင်း ပြန်လည်၍ မျှဝေပေးလိုက်ရပါသည်။

        ငှက်ဖျားအတွက်   စပါးလင်လက်ဖက်ရည်က ကောင်းစွာ ထိရောက်မှုရှိသည်။ စပါးလင်ပင် လတ်လတ်ဆတ်ဆတ်ကို ထောင်းထု၍ ရေနွေး ပူပူတွင် ခတ်သောက်ပါ။

        တမာပင်၏ ပင်စည်(အခေါက်)က ငှက်ဖျားနှင့် အဖျားရောဂါအမျိုးမျိုးတို့အတွက် ဆေးဖက်ဝင်သည်။

        မြင်းခွာရွက်နှင့် ငရုတ်ကောင်းစေ့တို့ကို အလေးချိန် ဆတူရောကြိတ်၍ သောက်သုံးပေးခြင်းဖြင့် ငှက်ဖျားရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေသည်။

        မှန်ကူသီးကိုအစေ့ထုတ်၍ အမှုန့်ပြုပြီး ဖန်ခါးမှုန့်နှင့်ရောကာ သမအောင်ပြုလုပ်ပြီး ဆီးကင်း ခန့်အလုံးလေးများ ပြုလုပ်ကာ တစ်နေ့တစ်လုံး နံနက်တိုင်းသောက်ပေးခြင်းဖြင့် ငှက်ဖျားရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။

        မြန်မာတိုင်းရင်းသမားတော်ကြီးများ၏ အဆို အမိန့်အရ မြင်းခွာရွက်၊ ပင်စိမ်းရွက်၊ ငရုတ်ကောင်းမှုန့်  ယင်းသုံးမျိုးကို ဆတူရောကြိတ်၍ သုံးရွေးသားစီခန့်လုံးပါ။ နံနက်တစ်လုံး၊ ညတစ်လုံးစားပါ။ ငှက်ဖျားနာတာရှည် ရောဂါများ ကင်းစင်ပြီး  မည်သည့်ရောဂါမှမကပ်လာတော့ဘဲ  ကျန်းမာ၍ အသက်ရှည်စေကြောင်း အကြံပြုထားသည်။

        ငှက်ဖျားရောဂါအတွက် လတ်လတ်ဆတ်ဆတ် ကင်ပွန်းချဉ်ရွက်ကြိတ်ရည်  (သတ္တုရည်)ကို သောက်သုံးသင့်သည်။

        ဒန့်သလွန်ရွက် လက်တစ်ဆုပ်စာကို သိန္ဓောဆား ရွေးကြီးစေ့ခန့်ထည့်၍ အရည်ညှစ်ပြီး မျက်စဉ်း ခတ်ပေးရန်၊ ငှက်ဖျားမတက်မီ မျက်စဉ်းခတ်ရန် သို့မဟုတ် ကျောထဲမှ ချမ်းစိမ့်စိမ့်ဖြစ်လာလျှင်  ယင်းမျက် စဉ်းခတ်ရန်  အရှင်နာဂသိန်၏ သိမ်ဖြူဆေးကျမ်းတွင် ဖော်ပြထားသည်။

        ခင်ပုပ်၊ ဥသျှစ်၊ သနပ်ခါးမြစ် သောက်ရစ် ငှက် ဖျားကိုဟု ငှက်ဖျားပျောက်ဆေးနည်းတို လင်္ကာတစ်ပုဒ်ရှိသည်။ ဆေးနည်းဖော်စပ်ပုံမှာ ခင်ပုပ် ချည်မြစ် (ဒန်ပူပင်)၊ ဥသျှစ်မြစ်နှင့် သနပ်ခါးမြစ် တို့ကို ဆတူအမှုန့်ပြုထားပြီး တစ်နေ့သုံးကြိမ် ငါးရွေးသားခန့် ရေနွေးပူပူဖြင့် သောက်ပေးပါ။

        ငရုတ်ကောင်း ၄၅ စေ့ကို ညက်အောင်ထောင်းပါ။   ပြီးနောက်  လက်ဖက်စိုငါးကျပ်သားကို စေးပိုင်နေအောင် ထောင်းပြီး   ယင်းနှစ်မျိုးကို သမသွားအောင် ထပ်မံ၍ထောင်းပေးပါ။ စေးစေး ပိုင်ပိုင်သမ သွားပါက  အလုံးလေး  ၄၅   လုံး ရအောင်လုံးပြီး နေရောင်ပြ၍ အခြောက်ခံပါ။ နံနက်သုံးလုံး၊ ညသုံးလုံးတို့ကို  ခုနစ်ရက်တိတိရေကျက်အေးဖြင့် သောက်ပေးခြင်းက ငှက်ဖျား ဒဏ်ခံနေရခြင်းကို သက်သာပျောက်ကင်းသွား စေသည်။  သောက်နေစဉ်  အဖျားမတက်ရန်   ကြာဆံဟင်းခါးပူပူကို ငရုတ်ကောင်းမှုန့်နိုင်နိုင် ထည့်ပြီး အဖျားမတက်မီ တစ်နာရီအလို   ကြိုတင်၍ သောက်ထားပေးပါ။  ဤနည်းက သမားစဉ်ဆက် ထားရစ်ခဲ့ကြသော    ငှက်ဖျားပြတ် လက်ဖက်ဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသအတွင်း တီဘီ၊ အိတ်ချ်အိုင်ဗွီနှင့် ငှက်ဖျားရောဂါဖြစ်ပွားနှုန်း  အများဆုံးနိုင်ငံများတွင် ပါဝင်နေဆဲဖြစ်သော်လည်း ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုရှိနေသည်မှာ  ဝမ်းမြောက်စရာဖြစ်ပေ သည်။  မည်သို့ပင်ဆိုစေကာမူ ငှက်ဖျားရောဂါသည် မိမိ၏ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်များပြောင်းလဲမှု ကြောင့် ဖြစ်ပွားသည်များရှိသကဲ့သို့ လူတစ်ဦးမှတစ်ဦး ထံ တစ်ဆင့်ကူးစက်ဖြစ်ပွားသည့်ရောဂါများကိုလည်း တွေ့ရှိနေရသည်။ ထို့ပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲ လာခြင်း၊ လူအများ တစ်နေရာမှတစ်နေရာသို့ သွားလာ မှုများပြားခြင်း၊ ဆေးယဉ်ပါးငှက်ဖျားပိုးများပျံ့နှံ့လာ ခြင်း၊   ငှက်ဖျားဆေးအတုများနှင့်   အရည်အသွေး မပြည့်ဝသောဆေးဝါးများကိုအသုံးပြုမိခြင်းနှင့် ငှက်ဖျား ရောဂါကိုဖြစ်စေသောအနောဖလိခြင်အမ (Anopheles)   အလေ့အထပြောင်းလဲလာခြင်း စသည်တို့က ကမ္ဘာလုံးဆိုင်ရာငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသေးသည်။

သို့ပါ၍ မိမိကစ ငှက်ဖျားရောဂါ မဖြစ်စေရေးအတွက် အထူးသဖြင့် ယခုလိုမိုးရာသီကာလတွင် နိစ္စဓူဝသွား လာနေထိုင်မှုများ၌     သတိရှိကြစေလိုကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ငှက်ဖျားရောဂါတိုက်ဖျက် ရေးစီမံချက်များအတိုင်း     ပြည်သူလူထုတစ်ရပ်လုံး လိုက်နာဆောင်ရွက်သင့်ကြောင်း   အကြံပြုရေးသား လိုက်ရပါသည်။