နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်ရန်

နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်ရန်

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့သည်။ စီးပွားရေးကိုလည်း ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီပထမ အစိုးရသက်တမ်းတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ပြီး နိုင်ငံ့စီးပွားရေးမှာ ထိုက်သင့်သလောက်တိုးတက်မှုရှိခဲ့သည်။ တိုးတက်မှု နှုန်းအနေဖြင့် ရှစ်ရာခိုင်နှုန်းကျော်အထိရှိခဲ့သည်။ နောက်ဆုံးတစ်နှစ်တွင် စီးပွားရေး အနည်းငယ်ကျဆင်းခဲ့သည်။ အလားတူဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းပထမနှစ်တွင် စီးပွားရေးတိုးတက်မှုအားကောင်းမည့် အလားအလာ တွေ့ရှိရသော်လည်း တတိယနှစ်မှစတင်၍ စီးပွားရေးများ ကျဆင်းလာသည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင်နိုင်ငံ့စီးပွားရေးတိုးတက်မှုမှာ သုံးရာခိုင်နှုန်းကျော်ခန့်သာရှိပြီး နောက်ပိုင်းတွင် အနုတ်ဘက်သို့ ရောက်ရှိခဲ့သည်။

နိုင်ငံ့စီးပွားအတက်အကျဖြစ်ခြင်းမှာ ကုန်ထုတ်လုပ်မှုနှင့်နိုင်ငံတော်၏ရငွေ၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝ ဘေးဒဏ်ကျရောက်မှု၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု အားနည်းချက်များ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အကြောင်းအရာများနှင့် အဓိကသက်ဆိုင်လျက်ရှိသည်။ လုပ်သင့်လုပ်ထိုက်သည်များကို အချိန်မီဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့်ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံကြီးအချို့က ၎င်းတို့လိုရာ စိတ်တိုင်းကျဆောင်ရွက်ပေးနိုင်မည့်အစိုးရကို ငွေကြေးထောက်ပံ့မှု  နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးလုပ်ဆောင်ခဲ့မှုများ၊ အစိုးရ၏ စွမ်းဆောင်မှု ပုံစံမျိုးဖြစ်စေရန် ဖန်တီးဆောင်ရွက်ပေးသည်ကို တွေ့ရှိရကြောင်း ဝန်ကြီးဌာနလေးခု၏လေ့လာသုံးသပ်ချက် အစီရင်ခံစာအရ သိရှိရသည်။

စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ်ကြွယ်ဝမှုအပေါ်တွင် မူတည်ပါသည်။ စီးပွားရေးကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့်၊ ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်း အမြစ်များပေါများလာပါက နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်သည်။ စီးပွားရေးကောင်းမွန်မှုကို နိုင်ငံများ၌ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍသုံးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကိုကြည့်၍နိုင်ငံ၏  GDP ကိုတွက်ချက်ကြသည်။ မြန်မာနိုင်ငံတွင် ပြည်ပပို့ကုန်အားနည်းပြီး ပြည်ပကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာလိုငွေများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေဒေါ်လာ ၁၂ ဘီလီယံကျော်ရှိခဲ့သည်။ အလားတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိခဲ့သည်။

မြန်မာနိုင်ငံတွင်ပြည်တွင်း၌ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း  ပြည်ပမှတင်သွင်းနေရမှု များရှိသည်။ ဥပမာအားဖြင့် နို့ထွက်ပစ္စည်းများ၊ စက္ကူများ၊ စက်ဘီးနှင့်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို သန်းပေါင်းများစွာ တင်သွင်းနေရသည်။ အလားတူ ဝါနှင့်ချည်ထည်ပစ္စည်းများကိုလည်း တင်သွင်းနေရသည်။  

ပြည်တွင်း၌ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာအခြေခံစက်မှု လုပ်ငန်းများနှင့် ချည်ထည်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကြီးနှင့် စက်မှုကဏ္ဍကြီးတို့တွင် GDP  များ တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးပြန်လည် ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သည်။ သို့သော် နိုင်ငံခြားကုန်သွယ်မှုနှင့် ပတ်သက်၍ သွင်းကုန်တွင် အဓိကပါရှိသည့် စက်မောင်းဆီနှင့်စားသုံးဆီတင်သွင်းမှုများမှာ ပမာဏများပြား နေသေးကြောင်း သိရှိရသည်။ မြေပဲနှင့်နှမ်းများကိုပြည်ပသို့တင်ပို့ခြင်းမပြုဘဲ ပြည်တွင်းဆီထုတ်လုပ်မှု အတွက်သာ အသုံးပြုမည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှုရှိမည် ဖြစ်သည်။ ထို့ပြင် စိုက်ပျိုး ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ကြိုးစားဆောင်ရွက်ပါက နိုင်ငံ၏ ဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။

ထို့ကြောင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပမှ ဒေါ်လာသန်း ၆၀၀ ဖိုးခန့်တင်သွင်းနေရသည့် ဆီတင်သွင်းမှုများကို လျှော့ချနိုင်မည် ဖြစ်သည်။ အလားတူ ပဲတင်ပို့မှုတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် အဆင့်(၂)နှင့်(၃)နေရာတွင်ရှိကြောင်းသိရသည်။ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့သည် ပြည်ပဈေးကွက်သို့ အများဆုံးတင်ပို့နေသည့် ပဲများဖြစ်သည်။ ပဲထုတ်လုပ်မှုသည် ဈေးကွက်သေချာမှုရှိသည့် ကုန်ထုတ်လုပ်မှုဖြစ်သဖြင့် ပို့ကုန်ပမာဏများ များစွာတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင်ပြည်ပ ဈေးကွက်ဝင်ဖြစ်သည့် ကော်ဖီနှင့်လက်ဖက်စိုက်ပျိုးရေးကို သေချာသည့် ထုတ်လုပ်မှုများဖြစ်အောင် ဆောင်ရွက်မည်ဆိုပါက ဝင်ငွေများပိုမိုရရှိစေမည်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း မိမိနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံချစ်စိတ်ဖြင့် စီးပွားရေးတိုးတက်အောင်၊ အသုံးစရိတ်များ လျှော့ချနိုင်အောင် ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။