ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်တွဲခဲ့သည့် ဂိုးသမားဒီဂီယာနှင့် လမ်းခွဲပြီဖြစ်ကြောင်း မန်ယူအသင်း အတည်ပြုကြေညာ
မန်ယူအသင်းက အသင်းနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်တွဲခဲ့သည့် ဂိုးသမားဒီဂီယာနှင့် လမ်းခွဲပြီဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် ဒေးဗစ်ဒီဂီယာသည် ၂၀၁၁ ခုနှစ်က ဂန္ထဝင်နည်းပြ ဖာဂူဆန်၏ ခေါ်ယူမှုနှင့်အတူ အက်သလက်တီကိုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် မန်ယူအသင်းတွင် ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆား အနားယူခဲ့ပြီး နောက်ပိုင်း အဓိကဂိုးသမားအဖြစ် ဘောလုံးရာသီတိုင်းတွင် ပွဲထွက်ခွင့် ရရှိနေသူဖြစ်သည်။
ဒီဂီယာသည် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၄၅ ပွဲအထိ ကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား အစရှိသည့် ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သည့် အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ရွှေလက်အိတ်ဆုကိုလည်း နှစ်ကြိမ်အထိ ရယူနိုင်ခဲ့သူဖြစ်သည်။
ဒီဂီယာနှင့် မန်ယူအသင်းတို့ စာချုပ်သက်တမ်းမှာ ပြီးခဲ့သည့် ဇွန်လအကုန်က ကုန်ဆုံးခဲ့ခြင်းဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အစောပိုင်းကတည်းက ဆွေးနွေးခဲ့သော်လည်း မန်ယူအသင်းက လက်ရှိဒီဂီယာ ရရှိနေသည့် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၇၅၀၀၀ ထက် များစွာနည်းပါးသည့် လုပ်ခလစာဖြင့် စာချုပ်သစ် ချုပ်ဆိုလိုသည့်အတွက် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်ခဲ့ကာ လမ်းခွဲခြင်းဖြစ်ကြောင်း သိရသည်။