အင်္ဂလန်အသင်းက စပိန်အသင်းကို အနိုင်ရရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာတွင် ဥရောပယူ-၂၁ ဖလားကို ဆွတ်ခူး

အင်္ဂလန်အသင်းက စပိန်အသင်းကို အနိုင်ရရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာတွင် ဥရောပယူ-၂၁ ဖလားကို ဆွတ်ခူး

    ၂၀၂၃ ဥရောပယူ-၂၁ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် စပိန်ယူ-၂၁ အသင်းနှင့် အင်္ဂလန်ယူ-၂၁ အသင်းတို့ ကစားရာ အင်္ဂလန်ယူ-၂၁ အသင်းကအနိုင်ရရှိခဲ့ပြီးနောက်  နှစ်ပေါင်း  ၄၀  အကြာတွင် ဥရောပယူ-၂၁  ဖလားကို  ပြန်လည် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်    နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ကစားပုံ ကြမ်းတမ်းမှုများကြောင့် အဝါကတ် အများအပြား အသုံးပြုခဲ့ရသည့်အပြင်    ကစားသမားများအပြင် နည်းပြအဖွဲ့ဝင်များလည်း  အနီကတ်ပြသခံခဲ့ရသည်။ စပိန်ယူ-၂၁  အသင်းသည်  ပွဲချိန်  ၉  မိနစ်တွင် ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့သော်လည်း   အင်္ဂလန်ယူ- ၂၁ အသင်းဂိုးသမား ထရက်ဖို့ဒ်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။

အင်္ဂလန်အသင်းသည် ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၄ မိနစ်တွင် သွင်းယူခဲ့သည့်ဂိုးဖြင့် အနိုင် ရရှိကာ နှစ်ပေါင်း ၄၀ အကြာတွင် ဥရောပယူ-၂၁ ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ယူ-၂၁ အသင်းသည် အသင်းသမိုင်း တစ်လျှောက်တွင် ဥရောပယူ-၂၁ ဖလားကို သုံးကြိမ်မြောက်  ရရှိခဲ့ခြင်းဖြစ်ပြီး  ပထမဆုံးအကြိမ်အဖြစ် ၁၉၈၂ ခုနှစ်က ဆွတ်ခူးနိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၁၉၈၄ ခုနှစ်က ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ယူ-၂၁ အသင်းသည် နောက်ဆုံးဆွတ်ခူးထားသည့် ၁၉၈၄ ခုနှစ်ကလည်း ဗိုလ်လုပွဲစဉ်တွင် စပိန်ယူ-၂၁ အသင်းနှင့် ကစားရခြင်းဖြစ်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ယူ-၂၁အသင်းသည် လက်ရှိပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များမှ စတင်ပြီး ဗိုလ်လုပွဲစဉ်အထိ ပေးဂိုးတစ်ဂိုးမှ မပေးရအောင် စွမ်းဆောင်နိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။