ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၁၀

    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာကျောင်းများ၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(နေပြည်တော်)ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများ၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက အမှာစကားပြောကြားရာတွင်  အခြေခံပညာကျောင်းများသည် လူ့အသိုက်အဝန်းတစ်ရပ်၏ အဓိကအရင်းအမြစ်ဖြစ်သော အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအား စသည့် ကဏ္ဍကြီး ၃ ရပ်ကို ထုဆစ်ပုံဖော်ပေးနေသည့် ဌာနများ ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ တာဝန်သိတတ်ခြင်း၊ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် ပြည့်ဝခြင်းစသည့် အချက်များသည် မိမိတို့နိုင်ငံ အနာဂတ်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတတ်မှုအပေါ် တိုက်ရိုက် သက်ရောက်စေသည့် အခြေခံကောင်းများ ဖြစ်ကြောင်း၊ ပညာရည်မြင့်မားစေရေးနှင့် ၎င်းအချက်များ ပြည့်စုံစေရေး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် အချက်အလက်များကို ဝိုင်းဝန်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံပညာကျောင်းများ၏ အားသာချက်/အားနည်းချက် အသီးသီး အပေါ်တွင် လက်တွေ့ကျကျ သုံးသပ်အဖြေရှာပြီး အပြုသဘောဆောင်သည့် အကြံပြုချက်များ ပြုပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးကျော်ဆွေက   နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

    ဆက်လက်၍ အခြေခံပညာကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများဖြင့် ကျောင်းသား/ကျောင်းသူများ၏ စိတ်တွင် တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းအောင်းစေနိုင်သောကြောင့် နေ့စဉ်ပြုလုပ်ရန် လိုအပ်ပြီး ကျောင်းအားလုံး အလေးထား လိုက်နာစေရေး ဆောင်ရွက်မည့် အခြေအနေ၊ ပညာသင်နှစ်အတွက် သင်ကြားရေးဆိုင်ရာ တာဝန်များကို ကျောင်းမဖွင့်မီကြိုတင် ဆောင်ရွက်ရသည့်အတွက် သင်ကြားရေးဝန်ထမ်းများ၏ အပြောင်းအရွှေ့ ကိစ္စများကို ကျောင်းမဖွင့်မီ ဧပြီလ(သို့မဟုတ်) မေလအတွင်း ဆောင်ရွက်ပေးနိုင်မှုနှင့် အလယ်တန်းနှင့် အထက်တန်း တွဲဖက်သင်ရိုးဝင် ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာစာအုပ်များ ရရှိရေးဆောင်ရွက်မည့် အခြေအနေ၊ KG + 12 (5+4+3) စနစ်သစ် ပညာရေးအား လက်ရှိပညာသင်နှစ်တွင် အတန်းစုံ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများ၏ အတန်းပြီးမြောက်မှု စာမေးပွဲများစစ်ဆေးမှု၊ လက်မှတ်များထုတ်ပေးမှုနှင့် တက္ကသိုလ် များ၊ အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ယူနိုင်မည့် အခြေအနေ၊ စနစ်သစ် Grade-10, Grade-11, Grade-12 သင်ခန်းစာများသည် level တစ်ခု အနေဖြင့် မြင့်မားသည့်အတွက် Grade-9 စာမေးပွဲ အစိုးရစစ်အတွက် စာမေးပွဲ စစ်ဆေးခြင်းနှင့် အတန်းကူးပြောင်းပေးခြင်း မူဝါဒကို ပြောင်းလဲခြင်း ရှိ/မရှိ အခြေအနေ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စာမေးပွဲ စစ်ဆေးရေးဆိုင်ရာ အချက်အလက်များနှင့် အဆင့်သတ်မှတ်ချက်များအရ တက်ရောက်ရမည့် တက္ကသိုလ်၊ ကောလိပ်များနှင့် အောင်/ရှုံး သတ်မှတ်မှုအခြေအနေ စသည့် ခေါင်းစဉ်များအလိုက် အကျယ်တဝင့် ဆွေးနွေးကြရာ   ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားသည်။

    ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက် ဆွေးနွေးပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။