ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၀

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

    ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲဘုန်းတော်ကြီးကျောင်း၌ ယပ်လှဲကျောင်း တိုက် ပဓာနနာယက ဘဒ္ဒန္တ စက္ကိန္ဒ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကတဇ နိုင်ငံတော်သံဃာ့ မဟာနာယက(ငြိမ်း) ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျောင်းတိုက်ရှိ သံဃာတော်များနှင့် တရားနာပရိသတ်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို တိုင်းရင်းဆေး လုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းပေးအပ်သည်။

    အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အလယ်ဈေးရပ်ကွက်၊ သက္ကျမာန်အောင် ဘုရားအနီး၌ ပြုလုပ်သော မိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်၍ သစ်ပင်များအား စိုက်ပျိုးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံ ကြည့်ရှုခဲ့သည်။

    ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် နေဝင်းအောင် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကီမိုခန်းမ၌ မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်များပျက်စီးခဲ့သည့် အိမ် ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများအား ပေးအပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

    အလားတူ မာန်အောင်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဈေးတန်း ကျောင်း၌ အသက် ၅ နှစ်နှင့်အထက် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။