ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲမှသည် အနာဂတ် ပညာရေးမြင့်မားရေးပန်းတိုင်ဆီသို့
ပညာရေးကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ပညာရေးဆိုသည်မှာ အမျိုးမျိုးသောသင်ယူလေ့လာမှု နည်းလမ်းများ မှတစ်ဆင့်ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့်တန်ဖိုးများဟု ဖွင့်ဆိုသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဦးတည်ချက် (၁၂) ရပ်၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးတိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
လူငယ်မောင်မယ်တို့ ပညာရည်ပြည့်ဝ၍ အတွေးအခေါ်မှန်ကန်ကာ နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး သင်ကြားပေးရာဌာနသည် အခြေခံပညာကျောင်းများဖြစ်သည်။ အခြေခံပညာ ကျောင်းများသည် အရေးကြီးသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက်ပညာရေးကျောင်းများနှင့် အခြေခံပညာ ကျောင်းများ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိခရိုင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ယနေ့ကျင်းပသည့် ပညာရေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရေးတန်းစဉ်ကူးပြောင်းမှု နည်းပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းများ ရှာဖွေရေး၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့် နည်းလမ်းများရှာဖွေရေး၊ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် KG+10,11,12 တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များသင်ကြားရေး၊ လုပ်ငန်းခွင်လက်တွေ့ အသုံးကျမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံပညာရပ်များ ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊ အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်းကိုပါ အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်နှင့်သင်ကြားရေး၊ ဝိဇ္ဇာ-သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေးနှင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိရန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး တိုင်းကျိုးပြည်ပြုရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာသင်နှစ်အတွက် သင်ကြားရေးဆိုင်ရာတာဝန်များကို ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက် ရသည့်အတွက် သင်ကြားရေး ဝန်ထမ်းများ၏ အပြောင်းအရွှေ့ကိစ္စများကို ကျောင်းမဖွင့်မီ ဧပြီလ သို့မဟုတ် မေလအတွင်း ဆောင်ရွက်ပေးနိုင်မှုနှင့် အလယ်တန်းနှင့် အထက်တန်း တွဲဖက်သင်ရိုးဝင် ဘဝတွက်တာကျွမ်းကျင်စရာ သင်ခန်းစာစာအုပ်များရရှိရေးဆောင်ရွက်မည့် အခြေအနေ၊ ကျောင်းများဖွင့်လှစ်ချိန်တွင် စာသင်ခန်းသုံးပစ္စည်းများ၊ စာရေးကိရိယာများ၊ သန့်ရှင်းရေးပစ္စည်းများ၊ ဆရာ၊ဆရာမများ၏ နေ့စဉ်မှတ်တမ်း စာအုပ်များကို အချိန်မီဖြည့်ဆည်းပေးရာတွင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နှစ်စဉ်မေလအတွင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ရုံးစာရေး၊ သန့်ရှင်းရေး၊ ကျောင်းစောင့် ဝန်ထမ်းများ လစ်လပ်နေမှုအား ဖြည့်ဆည်းခန့်ထားပေးနိုင်မှု ကျောင်းပိုင်းဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် နေ့စားလပေးဝန်ထမ်းများ ခန့်ထားဆောင်ရွက်နိုင်မည့် အခြေအနေ၊ Grade-9 အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများသို့ တခြားအထက်တန်းဆင့် ကျောင်းသားများ တက်ရောက်ရန် သတ်မှတ်ထားရှိမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် ဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေ၊ KG+12(5+4+3) စနစ်သစ်ပညာရေးအား လက်ရှိ ပညာသင်နှစ်တွင် အတန်းစုံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများ၏ အတန်းပြီးမြောက်မှု စာမေးပွဲများ စစ်ဆေးမှု၊ လက်မှတ်များ ထုတ်ပေးမှုနှင့် တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ယူနိုင်မည့် အခြေအနေ၊ အခြေခံပညာကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများဖြင့် ကျောင်းသား၊ ကျောင်းသူ များ၏စိတ်တွင် တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းအောင်းစေနိုင်သောကြောင့် အလေးထားလိုက်နာစေရေး ဆောင်ရွက်မည့်အခြေအနေ၊ စနစ်သစ် Grade-10,Grade-11,Grade-12 သင်ခန်းစာများသည် Level တစ်ခုအနေဖြင့် မြင့်မားသည့်အတွက် Grade-9 စာမေးပွဲအစိုးရစစ်အတွက် စာမေးပွဲစစ်ဆေးခြင်းနှင့် အတန်းကူးပြောင်းပေးခြင်း မူဝါဒကို ပြောင်းလဲခြင်း ရှိ၊ မရှိ အခြေအနေ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စာမေးပွဲ စစ်ဆေးရေးဆိုင်ရာ အချက်အလက်များနှင့် အဆင့်သတ်မှတ်ချက်များအရ တက်ရောက်ရမည့် တက္ကသိုလ်၊ ကောလိပ်များနှင့်အောင်/ရှုံး သတ်မှတ်မှု အခြေအနေစသည့် ခေါင်းစဉ်များအလိုက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပြန်အလှန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် တစ်ခုဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးဒေသထွက် ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးကို ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ KG+9 အလယ်တန်း ပညာရေး ပြီးဆုံး အောင်မြင်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တက်ရောက် နိုင်ကြပြီး အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် Grade-10၊ Grade-11၊ Grade-12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို သင်ယူလေ့ကျင့်နိုင်ကြမည် ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာရေး ကဏ္ဍအနေဖြင့် ဘာသာရပ်ကျွမ်းကျင်မှုရှိအောင် သင်ကြားပေးသည့်အပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုစေရေးအတွက် ကိုပါအလေးထား လေ့ကျင့် သင်ကြားပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများစွာထဲတွင် ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံးအကျိုးရလဒ်များကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေး အသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့် ခွဲဝေပေးလျက် ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးနှင့် ဆက်စပ် နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ် စုစုပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံခွင့်ပြု ထားပါကြောင်း၊ အဆိုပါ ခွင့်ပြုပေးထားသည့် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စု အသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးပြီး ပညာရေးကဏ္ဍမြင့်မားစေရန် အဘက်ဘက်မှ ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ပညာရေးဝန်ထမ်းများကလည်း မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအရာများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်ပါသည်။ မည်သည့်အရာကိုမဆို မှန်ကန်စွာ ဝေဖန်ပိုင်းခြားပြီး မိမိအတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် ကောင်းကျိုးပြုသည့် ကိစ္စရပ်များကို လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ အသိပညာ၊ အတတ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိပါက သူတစ်ပါး၏ သွေးဆောင်ဖြားယောင်းမှုအောက်တွင် နစ်မွန်းကာ အညွန့်ကျိုးသွားတတ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အရေးကြီးသည့် စိတ်ဓာတ်မှာ ပညာရေးကို စိတ်ဝင်စားကာ ပညာတတ်မှ လူရာဝင်မည်ဟူသော အသိရှိထားကြရန် အရေးကြီးလှသည်။
ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်သည်။ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပညာရေးရည်မှန်းချက် ၂ ရပ်ဖြစ်သည့်
(က) ကျောင်းနေအရွယ်ကလေးအားလုံးပညာ သင်ယူခွင့်ရရှိစေရန်
(ခ) အခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိပညာသင်ယူနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
ပညာမတတ်သည့် နိုင်ငံသားများပြီးပညာရေး နိမ့်ကျသည့်နိုင်ငံသည် အမှန်တကယ်မတိုးတက်နိုင်ဟု လက်ခံထားကြသည်။ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကိုအဓိက
တည်ဆောက်ကြရသည်။ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းကြရမည်ဖြစ်သည်။
ကျောင်းနေအရွယ် ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာ သင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးကြရန်လိုအပ်သည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကိုမဖြစ်မနေ အကောင်အထည်ဖော်သွားကြရမည် ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄ သန်းတွင် ပÍ္စမတန်းတက်ရောက်သူ ၁၁ ဒသမ ၃၇ သန်း (၅၇ ဒသမ ၂၉ ရာခိုင်နှုန်း)ရှိပြီး အလယ်တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်း (၄၀ ဒသမ ၂၆ ရာခိုင်နှုန်း) သာရှိသည်။
အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် သက်မွေးပညာပြီးသူ ၂ ဒသမ ၉ သိန်း၊ ဘွဲ့ရသူ ၃ သန်း ရှိသည်ကိုတွေ့ရသည်။ ၂၀၁၉ ကြားဖြတ်သန်းခေါင် စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်း အနက်တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာရှိသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ယင်းအနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုး မွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်ပါနေသည်။
၎င်းင်းတို့သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ ကောင်းများရှိရန် မဖြစ်မနေလိုသည်။ အလယ်တန်းနှင့် အထက်တန်းပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာနှင့် သက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာတန်းပြီးမြောက်သူသည်လည်း တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာ ရှိသည့်အတွက် အလယ်တန်းဆင့် ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာ သင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည်ဖြစ်ပါသည်။ သုံးသိန်းဆိုသည့် ပမာဏသည်လည်း ၁၅ နှစ်အထက် လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော်သာရှိသည်ကို တွေ့ရသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာတွင် ကျောင်းသားအများစုသည် မူလတန်း ပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြပြီး အသက် ၁၂ နှစ်မှစပြီး ကျောင်းတက်နှုန်းစတင် ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြထားသည်ကိုတွေ့ရသည်။ ကျောင်းဆက်မတက်သူ ၁၀ ဦးကို မေးမြန်းလေ့လာရာတွင် သုံးဦးသည် မိသားစုကို ကူညီနေရ၍ဟုဖြေဆိုပြီး နှစ်ဦးမှာကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ဖြေဆိုသည်ဟုသိရသည်။ အသက် ၃ နှစ်မှ ၅၀ နှစ်အတွင်း လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိကအကြောင်းရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန်ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်မဝင်စားသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းကဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရသည်။
လူငယ်မောင်မယ်တို့အနေဖြင့် မိမိတို့၏ပညာကို အခြေခံ၍ဆင်ခြင်တုံတရား၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသည့် ဉာဏ်ပညာပြည့်ဝနေရန် လိုအပ်လှပေသည်။ လက်ရှိကာလတွင် လူငယ်မောင်မယ် တို့အတွက် အကြီးမားဆုံးအန္တရာယ်မှာ လွဲမှားသော အတွေးအမြင်များ သွတ်သွင်းခံရခြင်း ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ နိုင်ငံတော်အတွက် အားထားရမည့်တက်လူများဖြစ်သည်။ စာသင်ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝခရီးလမ်းတိုးတက် ဖြောင့်တန်းရေးအတွက် သွန်သင်ဆုံးမနည်းလမ်းပြရာ နေရာကောင်းများဖြစ်သည်။ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပကာ ပညာရေးလမ်းပိုမိုကောင်းမွန်ရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
နိုင်ငံတော်တွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိရာ ပညာရည်မြင့်မားပြီး အတွေးအခေါ်မှန်ကန်သည့် လူသားအရင်းအမြစ်များ တိုးတက်များပြားရန် လိုအပ်လှသည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းသား၊ ကျောင်းသူတိုင်း ပညာရည်ပြည့်ဝကာ နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းမှာ လွန်စွာအကျိုးရှိသော လုပ်ငန်းဆောင်ရွက်မှု ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
ဇော်မျိုး(မြဝတီ)