လူဦးရေနှင့်ဖွံ့ဖြိုးမှု ဟန်ချက်ညီအောင်ကြိုးစားစို့
၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ ကမ္ဘာ့လူဘောင်သာယာဖို့၊ လူဦးရေနှင့်ဖွံ့ဖြိုးမှု ဟန်ချက်ညီအောင်ကြိုးစားစို့ "Balancing the population and development, let's strive for better future" ဟူ၍ဖြစ်သည်။ကမ္ဘာ့လူဦးရေသန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၉ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။၁၉၉၀ ပြည့်နှစ်မှစတင်ကာ လူဦးရေဆိုင်ရာပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်နွှယ်မှုကို ပိုမိုသဘောပေါက်လာစေရန် ရည်ရွယ်လျက် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံအသီးသီးတွင် ကျင်းပခဲ့ကြသည်။ ကမ္ဘာကြီးတွင်နှစ်စဉ် လူဦးရေတိုးပွားနှုန်းသည် သန်း ၈၀ နှင့် ၁၀၀ အကြား ရှိကြောင်း သိရှိရသည်။
ကမ္ဘာ့လူဦးရေများပြားလာခြင်းသည် ပတ်ဝန်းကျင်အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်း၊ အလုပ်လက်မဲ့ အကျပ်အတည်းများ ဖြစ်ပေါ်စေလျက်ရှိသည်။ လူဦးရေတိုးပွားလာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ဟန်ချက်ညီအောင်ကြိုးပမ်း ကြရမည် ဖြစ်သည်။ လူဦးရေများပြားမှုနှင့်ဖွံ့ဖြိုးမှုဟန်ချက်မညီမျှပါက မတရားမှုနှင့် ဥပဒေဆိုင်ရာပြစ်မှုများ များပြားလာမည်ဖြစ်သည်။ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဒုစရိုက်အမျိုးမျိုး ပေါ်ပေါက်လျက်ရှိသည်။ နိုင်ငံအများအပြားတွင် ဆင်းရဲသူက လွန်စွာဆင်းရဲနေပြီး ချမ်းသာသူကလွန်စွာ ချမ်းသာလျက်ရှိသည်။
ဆင်းရဲချမ်းသာကွာဟမှုသည် ဒုစရိုက်မှုဖြစ်စေသော အကြောင်းအချက်များတွင် တစ်ခုပါဝင်သည်။ မြန်မာနိုင်င ံအနေဖြင့် နိုင်ငံ၏တည်နေရာ အကျယ်အဝန်း လူဦးရေတို့သည် အချိုးအစားညီမျှသည်ဟု ဆိုနိုင်သည်။ စားနပ်ရိက္ခာအတွက်လည်း လယ်ယာစိုက်ပျိုး ထုတ်လုပ်သောနိုင်ငံဖြစ်သည့်အတွက် ဝမ်းစာ ဖူလုံမှုရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတွင် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး နှစ်နိုင်ငံနှင့် လူဦးရေပေါက် ဖွားမှုမြင့်မားလွန်းသည့် နိုင်ငံတစ်နိုင်ငံရှိနေသည်။ မြန်မာတို့အနေဖြင့် လူဦးရေနှင့်စားနပ်ရိက္ခာ၊နေရာ ထိုင်ခင်းမျှတမှုရှိနေသော်လည်း နိုင်ငံအချို့တွင်ရွက်ဖျင်တဲများ၊ သစ်ပင်ကြီးများအောက်တွင်စုပေါင်းနေ ထိုင်နေကြရသည်။ စားနပ်ရိက္ခာမလုံလောက်၍ ငတ်မွတ်ခေါင်းပါးခြင်းဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသောနိုင်ငံဖြစ်သည့်အပြင် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည့်အတွက် အေးချမ်းစွာ နေထိုင်နိုင်ကြသော်လည်း စိုးရိမ်ဖွယ်ရာတစ်ခုမှာ နယ်မြေကျူးကျော်မှု၊ တရားမဝင်နိုင်ငံ ဖြတ်ကျော်မှုများကို သတိထားကြရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အနောက်တံခါးကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရန် လိုအပ်သကဲ့သို့ တံခါးလုံခြုံမှုရှိရေးအတွက်လည်း နိုင်ငံချစ်သူတိုင်းက မြော်မြင်တွေးဆ ပြင်ဆင်လုပ်ဆောင်သင့်လှသည်။ မြန်မာ့စိတ်ရင်းအရ သူတစ်ပါး ဒုက္ခကြုံသည်ကို ကူညီချင်ကြသည်။ ကိုယ်ချင်းစာနာတတ်သည်။ အားနာတတ်သည်။ သို့သော်...တိုင်းပြည်နှင့် လူမျိုးအနာဂတ်အရေးအတွက် ဆိုရလျှင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်အပြည့်ဖြင့် ကာကွယ်ဆောင်ရွက်နိုင်ဖို့ လိုအပ်သည်။
ကုလသမဂ္ဂကချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၁၇)ရပ်မှ ပန်းတိုင်(၁)သည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိနေရာ ဒေသအားလုံးတွင် ဆင်းရဲမှုအဆုံးသတ်စေရေး ပန်းတိုင်ဖြစ်သည်။ ဆင်းရဲမှု အဆုံးသတ်ရေးအတွက် လူဦးရေတိုးပွားမှုကို အတတ်နိုင်ဆုံးထိန်းချုပ်ကြရမည် ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ကိုမထိန်းချုပ်နိုင်လျှင် ကမ္ဘာကြီးတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေကြရမည်ဖြစ်သည်။ စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းသော သောက်သုံးရေရှားပါးမှု၊ နေစရာရှားပါးလာမှုတို့သည် လူဦးရေထိန်းချုပ်မှု မရှိပါကကြုံတွေ့ရမည့် ပြဿနာများဖြစ်သည်။ လူဦးရေထူထပ်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း နှင့်လည်းရင်ဆိုင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးရာသီ၌ သစ်ပင်စိုက်ပျိုးခြင်းများပြုမူလုပ် ဆောင်နေသည်မှာ အလွန်ကောင်းမွန်သောလုပ်ရပ် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုများဆင်းရဲမှု လျှော့ချရေးသည် တိုက်ရိုက်ဆက်နွှယ် လျက်ရှိသည်။ မိသားစုများဆင်းရဲမှုလျော့နည်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်သည်။ ကမ္ဘာပေါ် တွင်လူဦးရေ တိုးပွားလာသည်နှင့်အတူ ထိုတိုးပွားလာသောလူသားတို့သည် လူ့လောကကြီးကိုကောင်းကျိုး ပြုသူများ ဖြစ်သင့်သည်။ လောကကောင်းကျိုးပြုသူများ ပေါများမှသာ ကမ္ဘာကြီးသည်ငြိမ်းချမ်းသာယာနေ မည်ဖြစ်သည်။ တိုးပွားလာသမျှလူသားတို့တွင် လောဘ၊ ဒေါသ၊ မောဟနည်းပါးပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ကျင့်သုံးမှသာ ကမ္ဘာကြီးသည်အေးချမ်းနေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကမ္ဘာ့လူဘောင်သာယာဖို့၊ လူဦးရေနှင့်ဖွံ့ဖြိုးမှု ဟန်ချက်ညီအောင် ကြိုးစားစို့ ဆိုသည့်အတိုင်း နိုင်ငံတိုင်းက ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။