ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာ ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိန္ဒမအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများအား မေးမြန်းလျှောက်ထားပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကာ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အဆိုပါ ကျောင်းတိုက်အတွင်း၌ ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားသည်။ ၎င်းနောက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရခိုင်ပိုက်ဆိပ် ရပ်ကွက်ရှိ အမှိုက်ပုံအား စက်ယန္တရားများဖြင့် ရှင်းလင်းနေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။