နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း    ၂၀၂၃ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်     

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်   အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၁၁

          ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန - ၂ ၌ ကျင်းပရာ ဗဟို သန်းခေါင်စာရင်း ကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကမ္ဘာပေါ်တွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိလာစေရန် ရည်ရွယ်၍ ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေး သန်း ငါးထောင် ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက် ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဇူလိုင် လ ၁၁ ရက်တွင် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ကြောင်း။

          လူသားအားလုံးကျန်းမာကြံ့ခိုင်ပြီး ဘဝအရည်အသွေးတိုးတက်ကောင်းမွန်စေရေးနှင့် သာယာဝ ပြောသည့် လူ့ဘောင်သစ်တည်ထောင်နိုင်ရေးအတွက် မျိုးဆက်ပွားကျန်းမာရေး၏ အရေးပါမှု၊ ကျား - မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ မိခင်နှင့်ကလေးကျန်းမာရေး စသည့် လူဦးရေနှင့် ကောင်းမွန်သော အလေ့အထများ မြှင့်တင်နိုင်ရန်၊ ပြည်တွင်းပြည်ပလူဦးရေနှင့် ဖွံ့ ဖြိုးမှုဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းလည်း ဖြစ်ကြောင်း။

 မြန်မာနိုင်ငံနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေ နေ့အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယနေ့ ကျင်းပသည့် အခမ်းအနားသည် ၃၄ ကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်း။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက် က ကမ္ဘာ့လူဦးရေ သန်း ရှစ်ထောင်ပြည့်ပြီဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ကြောင်း၊ ကမ္ဘာ့လူဦးရေသန်းရှစ်ထောင်ပြည့်ခြင်းသည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးတက်လာမှုကို လေ့လာကြည့်မည်ဆိုပါက သန်းတစ်ထောင်မှ နှစ်ထောင် တိုးပွားရန် နှစ်ပေါင်း တစ်ရာနှစ်ဆယ်ကျော်၊ သန်းနှစ်ထောင်မှ သန်းသုံးထောင် တိုးပွားရန် နှစ်ပေါင်း သုံးဆယ်ကျော် ကြာမြင့်ခဲ့ သော်လည်း နောက်ပိုင်းကာလများတွင် သန်းတစ်ထောင်တိုးရန် ဆယ်စုနှစ်တစ်ခုကျော်သာ ကြာမြင့်လာတော့ကြောင်း၊ ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင်မှ ရှစ်ထောင်ပြည့်ရန် (၁၂)နှစ် သာကြာမြင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ လူဦးရေအလျင်အမြန်တိုးတက်လာခြင်းသည် လူများ၏ ကျန်းမာရေး၊ အစာအာဟာရ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဆေးဝါးများတိုးတက်ကောင်း မွန်လာခြင်း၏ အကျိုးဆက်အဖြစ် လူသက်တမ်းများ ပိုမိုရှည်ကြာလာခြင်းကြောင့် ဖြစ် ကြောင်း။

သို့သော် ကမ္ဘာ့လူဦးရေလျင်မြန်စွာတိုးပွားလာခြင်းနှင့်အတူ နိုင်ငံအများစုတွင် တန်း တူညီမျှမှုမရှိခြင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ပိုများလာခြင်း၊ စားနပ်ရိက္ခာမပြည့်စုံခြင်း၊ ရေရှားပါးပြတ်လတ်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်ဆိုးများကို ခံစားနေကြရသူများလည်း တိုးပွားလာသည်ကို တွေ့ရကြောင်း။

ဖွံဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် မွေးဖွားနှုန်းကျဆင်းလာခြင်းကြောင့် လုပ်သား အင်အား ရှားပါလာပြီး သက်ကြီးရွယ်အိုများပြားလာသည့် အခြေအနေကို ရင်ဆိုင်နေကြရသ ကဲ့သို့ ဖွံဖြိုးတိုးတက်မှု နှေးကွေးသည့် နိုင်ငံများတွင် လူဦးရေတိုးပွားမှုမြန်ဆန်လာသည့်အ တွက် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုလှုပ်ရှားရုန်းကန် နေကြရကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် တစ်ရက်လျှင် နှစ်ဒေါ်လာအောက်သာ ရရှိသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေကြသည်ကို သတိပြုကြရ မည်ဖြစ်ကြောင်း။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရန်၊ ကမ္ဘာမြေကိုကာကွယ်ရန်နှင့် လူအားလုံး၏ ဘဝနှင့် မျှော်လင့်ချက်များ တိုးတက်ကောင်းမွန်လာစေရန် စသည်တို့ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရေးယူဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့က  “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ” ကို ပန်းတိုင် ၁၇ ခု၊ ဦးတည်ချက် ၁၆၉ ခုဖြင့် ရေးဆွဲထားရှိကြောင်း၊ အဆိုပန်းတိုင်များကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီ အောင်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား - မ တန်းတူညီမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံကိုလည်း ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုဖြစ်စေရေးရည်မှန်းပြီး “ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း” ကို ရေးဆွဲအကောင်အထည်ဖော်လျှက်ရှိကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို ကြည့်မည်ဆိုပါ က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ၍ လူဦးရေခန့်မှန်းတွက်ချက်မှုအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ ဒသမ ၇ သန်း ကျော်ရှိလာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ကာလသည် လူဦးရေဆုလာဘ်ကို ရရှိခံစားနေ ချိန်ဖြစ်သည့် အတွက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံများတွင် လူငယ်လူရွယ်များ၏စွမ်းအား ဖြင့် အမျိုးသမီးများ၏ အင်အားကို ထိရောက်စွာထည့်သွင်း အသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂါတ်တွင် သက်ကြီးရွယ်အို လူဦးရေများပြား လာမည်ဖြစ်၍ လူမှုကာကွယ် စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်နှင့် သက်ကြီးရွယ်အိုများနှင့် သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ကိုလည်း ကြိုတင်ပြင်ဆင် ထားကြရမည်ဖြစ်ကြောင်း။

တဆက်တည်းတွင် စဉ်ဆက်မပြန်ဖွံ့ဖြိုးမှု ပန်းတိုင်များသို့ ရောက်ရှိနိုင်ရေး ဆောင်ရွက် လျက်ရှိရာ လူငယ်ရေးရာမူဝါဒ၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒစသည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်အပြင် ကျား- မ တန်းတူညီမျှမှုရှိစေရေး အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ် ပိုင်ခွင့်နှင့် အရေးအရေးများကို ဖော်ဆောင်ပေးနိုင်ရေး အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်း တိုင်များ၏ ပန်းတိုင် ၅ ကို ဆက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ကျား - မ တန်းတူညီမျှရေးနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း - ၁၊ ပုဒ်မ - ၂၁၊ ပုဒ်မခွဲ - က နှင့် အခန်း - ၈ ၊ ပုဒ်မ ၃၄၈ တို့တွင် သတ်မှတ်ပြဌာန်းပေးထားသည် ကိုတွေ့ရမည်ဖြစ်ကြောင်း။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ်တွင် “ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်’’ ကို လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင် ရွက်မှုအစီရင်ခံစာကို ရေးသားပြုစု တင်သွင်းလျက် ရှိကြောင်း၊ အလားတူ “ အာဆီယံ အမျိုးသမီးကော်မတီ” တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ “အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာကော်မတီ” တွင်အဖွဲ့ဝင်အဖြစ်လည်းကောင်း နိုင်ငံတကာနှင့် ဒေသတွင်း၌ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် “ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း” ကို ကျား - မရေးရာ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း ဒုတိယအဆင့် ရေးဆွဲရေးလုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ၌ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီရန် ရည်ရွယ်ပြီး မိခင်သေဆုံးမှုများ လျော့နည်းကျဆင်းစေရေး၊ မျိုးဆက်ပွားနိုင်သော အရွယ်ရှိ အမျိုးသမီးများအရည့်အသွေး ပြည့်ဝသော မိခင်ဖြစ်ရေးနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်း လက်လှမ်းမီရရှိစေရေး ဦးစားပေးကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြောင်း။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအားလုံး လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရရှိစေရေးအတွက် “ လိင်မှုဆိုင်ရာနှင့် မျိုး ဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် မူဝါဒ” ကို ရေးဆွဲအ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် “ လိင်မှုဆိုင်ရာ ၊ မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစ၊ ငါးနှစ်အောက်ကလေးနှင့် ဆယ်ကျော်သက်ဆိုင်ရာ ငါးနှစ်တာမဟာဗျူဟာ စီမံ ကိန်း (၂၀၂၁-၂၀၂၅)” ကိုလည်း ရေးဆွဲထားပြီး အဆိုပါ မဟာဗျူဟာစီမံကိန်းပါ နည်းဗျူဟာ များ၊ လုပ်ငန်းစဉ်များအတိုင်း မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ကို လက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျား- မ အခြေပြု အကြမ်းဖက်မှု ခံစားနေရသောသူများအား ပြီးပြည့်စုံသော ပြုစု စောင့်ရှောက်မှု ပေးနိုင်သည့်စင်တာ များကို နေပြည်တော်၊ ပင်းတယ၊ မော်လမြိုင်၊ သထုံ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ ဖွင့်လှစ်စောင့်ရှောက်မှုပေးလျက်ရှိပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

ကုလသမဂ္ဂအနေဖြင့် နှစ်စဉ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို ချမှတ်ခဲ့ရာတွင်  အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးများကာကွယ်စောင့် ရှောက်နိုင်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးကို အလေးပေးဆောင်ရွက်ရေး၊ ကျား - မ တန်းတူ ညီမျှမှုရှိစေရေး၊ မိသားစုစီမံကိန်း အကောင်အထည်ဖော်ရေး စသည်တို့ကို ပိုမိုတိုးမြှင့်လုပ် ဆောင်နိုင်ရေးတွန်းအားပေးသည့်အနေဖြင့် ဆောင်ပုဒ်များသတ်မှတ်လာကြောင်း။

ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ကို ကုသမဂ္ဂ မှ ချမှတ်ထားသည့် လူဦး ရေဆိုင်ရာ မူဝါဒများကို အခြေခံ၍ မိမိတို့နိုင်ငံအတွက် ဆွေးနွေးဆုံးဖြတ်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍများကို ထိရောက်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ထင်ဟပ်စေသည့် ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ ကမ္ဘာ့လူ့ ဘောင်သာယာဖို့ လူဦးရေနှင့် ဖွံဖြိုးမှုဟန်ချက်ညီအောင် ကြိုးစားစို့” ဖြစ်ကြောင်း။

အဆိုပါ ဆောင်ပုဒ်မှ ပေးလိုသည့် အဓိကအချက်မှာ လူဦးရေနည်းခြင်း၊ များခြင်း တစ်ခုတည်းဖြင့် နိုင်ငံတစ်နိုင်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာ၍မရဘဲ အဆိုပါ နိုင်ငံတွင် ချမှတ် ထားသည့် ကောင်းမွန်မှန်ကန်သော မူဝါဒများအပေါ် အကောင်အထည်ဖော်နိုင်မှုနှင့် နိုင်ငံ၏ အခြေအနေပေါ်မူတည်၍ ကဏ္ဍအလိုက် ဖွံဖြိုးတိုးတက်မှုစီမံကိန်းများချမှတ်အကောင်အ ထည်ဖော်မှုတို့သည် ပို၍ အရေးကြီးသည်ကို အသိပေးလိုခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် အသုံးချနိုင်ရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ တွင် အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေး၊ ကျား - မ တန်းတူညီမျှရေး၊ မိသားစုစီမံကိန်း၊ မိခင် နှင့် မျိုးဆက်ပွား ကျန်းမာရေးတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ကောင်းမွန်သည့် လူမှုဘဝများ ရရှိလာစေရန် ကြိုးပမ်း သွားကြမည် ဖြစ်ကြောင်း။

ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ရှိလာခြင်းနှင့်အတူ လူဦးရေဆိုင်ရာပြောင်းလဲလာမှု ကို လေ့လာလျှင် ကမ္ဘာ့လူဦးရေသည် ဆက်လက်တိုးတက်နေဦးမည် ဖြစ်သော်လည်း လွန်ခဲ့သည့် ရာစုဝက်ခန့်ကစတင်၍ ကလေးမွးဖွားမှု ဆက်တိုက်ကျဆင်းလာခြင်းကြောင့် အနာဂါတ်တွင် လူဦးရေးတိုးနှုန်းသည် တဖြည်းဖြည်း နှေးကွေးလာနိုင်ကြောင်းလည်း ခန့်မှန်းရကြောင်း၊ မွေးဖွားမှုနှုန်းများကျဆင်းလာခြင်းနှင့်အတူ လူတို့၏ မျှော်မှန်း သက်တမ်းမြင့်လာခြင်းတို့ ကြောင့် သက်ကြီးရွယ်အို အချိုးအစားပါဝင်မှုသည် တစ်နေ့တခြား များပြားလာနိုင်ကြောင်း။ သို့သော်လည်း မွေးဖွားနှုန်းကျဆင်းလာသည့်နိုင်ငံများသို့ မွေးဖွားနှုန်းများပြီး ဆင်းရဲသည့်နိုင်ငံများက ရွှေ့ပြောင်းလူဦးရေများ ဝင်ရောက်ခြင်းများရှိနေသဖြင့် လူဦးရေ တိုးပွားမှု ဆက်လျက်ရှိနေဦးမည်ဖြစ်ပြီး မူလရွှေ့ပြောင်းခဲ့သည့် နိုင်ငံများတွင် လူဦးရေလျော့ ကျမှုနှင့်တွေ့ကြုံနေရမည် ဖြစ်ကြောင်း။

ကမ္ဘာတစ်ဝန်း၌ မွေးဖွားစဉ် ယောက်ကျားလေး အရေအတွက်သည် မိန်းကလေး အရေအတွက်ထက် ပိုမိုများပြားသော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို အသက်ရှည်စွာနေထိုင်နိုင်ကြသည်ကို လေ့လာသိရှိရကြောင်း။

ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများ နှင့် ရင်ဆိုင် ကြုံတွေ့ရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့် အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး  မြန်မာနိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲအကြပ်အတည်းစိန်ခေါ်မှုများကို ကြံကြံခံရင်ဆိုင်ရင် လူဦးရေဆိုင်ရာ ပြောင်းလဲလာမှုများမှ အခွင့်အလမ်းများများအဖြစ် ပြောင်းလဲရယူကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် လူဦးရေဆိုင်ရာ ပြောင်းလဲမှုမှ အခွင့်အလမ်းများ ရယူနိုင်ရန် ၁၀ နှစ် တစ်ကြိမ် မဖြစ်မနေ ဆောင်ရွက် ကြရသည့် ပြည်လုံးကျွတ်သန်းခေါင်စာ ရင်း ကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်ချက်အဖြစ် ၂၀၂၃ ခုနှစ်အောက်တိုဘာလ တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွား မည်ဖြစ်ကြောင်း၊ အရေးကြီးသည့် လူဦးရေ အချက်အလက်များနှင့် မှန်ကန်သည့် ကိန်းဂဏန်း များရရှိမှသာ နိုင်ငံ၏ ဘက်စုံ၊ ကဏ္ဍဖွံဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ပေါ်ထွက်ရရှိလာမည်ဖြစ်သကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ် လာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေး အတွက် ကောင်းမွန်သည့် အနာဂါတ်တည်ဆောက်နိုင်ရေး ဦးတည်ဆောင်ရွက်နိုင်မည် ဖြစ် သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ယနေ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ကမ္ဘာ့အဆင့်မီစွာ မြန်မာနိုင်ငံ၏ လူဦးရေနှင့် ကိန်းဂဏန်းအချက်အလက်များ ရရှိအောင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှု အဆင့်ဆင့်တွင်ပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည့် ဌာန ၊ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းနှင့်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များကိုလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုကြောင်းဖြင့်  ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က  မြန်မာနိုင်ငံ၌ လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် မူဝါဒတိုင်ရာ အကြံပြုချက် များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူနိုင်ရေး အသိပညာပေး Video Clip ကိုပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်  တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။