ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၈

   ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၄ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၄ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မြို့နယ်စုစုပေါင်း ၄ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၄ ကျောင်းရှိ ဆရာတော် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။