သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း

သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင်လမ်း ဝဲ^ယာ၌ ကျင်းပခဲ့သည်။ အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေနှင့်စိန်ပန်းစသည့်သစ်မျိုး ၁၃ မျိုး၊ ပျိုးပင်အရေအတွက် ၂၂၂၀ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးခဲ့သည်။

ယခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ တစ်နိုင်ငံလုံးသစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည် နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် တိုးပွားစေရန် နိုင်ငံနှင့်အဝှမ်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိသည်။

သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းများသည် ကဏ္ဍစုံတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းရရှိနိုင်သည်။ သစ်ပင်သစ်တောများသည် ရာသီဥတုကိုမျှတကောင်းမွန်စေပြီး ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေသည်။

ရေမြေတောတောင်သဘာဝကို ထိန်းသိမ်းကာကွယ်ပေးပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်သည်။ သစ်တောထွက်ပစ္စည်းများဖြင့် စားရေရိက္ခာများပံ့ပိုးပေးနိုင်သည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်သည်။ နိုင်ငံ၏အဖိုးတန်သစ်တော သယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေနိုင်ရန်အတွက် ချမှတ်ထားသည့် မြန်မာ့သစ်တောမူဝါဒကို အခြေခံပြီး သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့်ရှုမြင်ပြီး စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို  ပြန်လည်လေ့လာပါက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် သဘာဝသယံဇာတသစ်တောများ ပြုန်းတီးမှုလျော့နည်းရေး အလေးထား ဆောင်ရွက်ကြရမည် ဖြစ်သည်။

သစ်တောများ ပြုန်းတီးလာခြင်းနှင့်အတူ ရာသီဥတုဆိုးရွားလာပြီး မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာကာ ရေချိုများခန်းခြောက်လာသည်ကို တွေ့ရှိရသည်။ ထို့ပြင် မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ

များလျော့နည်း ပျောက်ဆုံးခြင်း၊ သဘာဝဘေးအန္တရာယ်များမကြာခဏကျရောက်ခြင်း အစရှိသည့် ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီ ဖြစ်သည်။ ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက်  ကြီးမားသည့်ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နေကြရပြီ ဖြစ်သဖြင့် သစ်တောများမပြုန်းတီးရေးနှင့် တိုးချဲ့စိုက်ပျိုးရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အကျယ်အဝန်း၊ မြေအနေအထား၊ ရာသီဥတု၊ မြစ်ချောင်းများတည်ရှိမှုအရ မြေပေါ်သယံဇာတဖြစ်သည့် သစ်တောများအခြေခံသောစက်မှုလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနှင့် ကောင်းစွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည်။ သစ်တောထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းကို တိတိကျကျစနစ်တကျဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းပေမည်။

ထို့ကြောင့် နိုင်ငံ၏ အဖိုးတန်သဘာဝတောများ ထာဝစဉ်တည်တံ့စေရေးနှင့် ဂေဟစနစ်များ ပြန်လည်ပြုစု ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်တာကာလစီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၁၉ သန်း  စိုက်ပျိုးထူထောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ထားရှိပြီး တစိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် အမျိုးသားရေး လုပ်ငန်းတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီး စနစ်တကျစီမံအုပ်ချုပ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။