မြန်မာစာပေရှေ့ဆောင် ပျို့နှစ်စောင်
မိမိတို့သည် ကျောင်းနေခါစ “ဝ” လုံးတန်းတွင် ဝလုံးလေးများကို ဝိုင်းအောင်ရေးရင်း စာရေးသင်ကြရသည်။ စာအရေးအသား အတော်အတန်တတ်လာမှ ကဗျာ၊ လင်္ကာတို့ကို နှုတ်တိုက် အာဂုံရွတ်ဆိုရသည်။ ထို့နောက် စာသားလွယ်လွယ်ကူကူလေးတွေ စဖတ်ရသည်။
ဤသို့အားဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝတွင် စာရေးခြင်း၊ စာဖတ်ခြင်း အလုပ်ကို လုပ်ခဲ့ကြရသည်။ မိမိတို့စာဖတ်ရန်အတွက် ကျောင်းသုံးစာအုပ်များ ရှိပါသည်။ အထူးသဖြင့် ဖတ်စာများမှာ မြန်မာစာဘာသာရပ်မှ စကားပြေများ၊ ကဗျာများ၊ ဝတ္ထု၊ ဆောင်းပါးများ စုံလှပါသည်။
စာဖတ်သည့်အလေ့အကျင့်ကို ကျောင်းတော်ကြီးကပင် လေ့ကျင့်ပျိုးထောင် ပေးပါသည်။ စာရေးကျင့်ကိုမူ သတ်ပုံခေါ်ပေးခြင်း၊ စာစီစာကုံးရေးစေခြင်းတို့ဖြင့် အစပျိုးလေ့ကျင့်ခဲ့ကြရပါသည်။
အဖြူအစိမ်းကျောင်းသားဘဝကို ကျော်လွန်၍ ဘွဲ့ရပြီး ကျောင်းစာများနှင့် လွတ်ကင်းသွားသောအခါ ကျောင်းမှာသင်ခဲ့ရသော ကဗျာများ၊ စာများ၊ဝတ္ထုရှည်၊ ဝတ္ထုတိုပုံပြင်များကို ဝါသနာအရ ပြင်ပစာပေအဖြစ် လေ့လာ ဖတ်ရှုရသော အရသာမှာ မဖော်ပြနိုင်အောင် ပီတိဖြစ်ရသည်။ အလွတ်သဘော၊ မိမိသဘောဝါသနာအရ ဖတ်ခြင်းဖြစ်၍ “ကိုယ်ထူမှ ကိုယ်ထ၊ ကိုယ်ယူမှ ကိုယ်ရ”ဆိုသကဲ့သို့ စိတ်ဝင်စား၍၊ စိတ်ပါ၍၊ ကိုယ်လိုချင်၍ လေ့လာဖတ်မှတ်ခြင်း ဖြစ်ပါသည်။
မဟော်သဓာဇာတ်တော်ကြီး သင်ရစဉ်က ထဲထဲဝင်ဝင် စိတ်ဝင်စားခြင်းမရှိခဲ့သော မိမိမှာ ယခုဖတ်သောအခါ မဟော်သဓာ၏ ပညာဂုဏ်ရည်၊ ဉာဏ်ရည်ဉာဏ်သွေး၊ စဉ်းစားတွေးခေါ်ပုံ၊ ဆုံးဖြတ်ပုံစသည်တို့ကို ယထာဘူတကျကျ တွေးခေါ်မြော်မြင်နိုင်ခဲ့ပါသည်။
ဦးပုည၏ ဝတ္ထုလေးပုဒ်မှ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို ပြန်ဖတ်သောအခါ၌လည်း ဦးပုည၏ ကဗျာဉာဏ်စွမ်း၊ စိတ်ကူးစိတ်သန်း၊ ဇာတ်ကောင်စရိုက်၊ သူတော်ကောင်းနှင့် သူယုတ်မာကို ခွဲခြားသိမြင်လာနိုင်ပါသည်။
ကဗျာစာသား၊ အဖွဲ့အနွဲ့ကောင်းမွန်မှုကြောင့် ယနေ့ထက်တိုင် နှုတ်တက်အာဂုံ အလွတ်ရနေပါသေးသည်။
စာရေးဆရာတစ်ယောက်ဖြစ်လာသော မိမိသည် စာပေကျေးဇူးကို သိရှိနားလည်လာပါသည်။ စာပေတန်ဖိုးကို သိလာပါသည်။ စာကောင်းပေမွန်တို့ကို ဖတ်ရှုမိပြီဆိုလျှင် မိမိနှင့်ဘဝတူ စာရေးဆရာများ၊ မိတ်ဆွေများကို လက်တို့ချင်မိပါသည်။ အစားကောင်းစားရလျှင် မိတ်ဆွေများကို သတိရသည့် ပုံနှယ်ပင်ဖြစ်သည်။ ဆရာကြီးမင်းသုဝဏ်ကလည်း စု၊ တု၊ ပြု ဟုမိန့်ကြားခဲ့ပါသည်။
အလျဉ်းသင့်သဖြင့် သင်္ကြန်ပိတ်ရက်များတွင် မိမိပြန်ဖတ်မိသော ဆရာကြီးမင်းသုဝဏ်၏ “မြန်မာစာနှင့် ကိုယ်ကျင့်တရား” ဟောပြောချက် စာအုပ်ကလေးမှ ထုတ်နုတ်ဖော်ပြလိုပါသည်။
“မြန်မာစာနှင့်ကိုယ်ကျင့်တရား” ဟောပြောချက်တွင် ရှင်မဟာရဋ္ဌသာရ၏ “ကိုးခန်းပျို့” နှင့် “သံဝရပျို့” တို့မှ ထုတ်နုတ် ကိုးကားခဲ့ကြောင်း ဆရာကြီးက ဆိုပါသည်။
“ခင်ဗျားတို့အချိန်ရလို့ မြန်မာစာပေရဲ့ အဆီအနှစ်ကို စားသုံးချင်ကြရင် ရှင်မဟာရဋ္ဌသာရရဲ့ စာတွေကို ဖတ်ကြစမ်းပါ၊ လေ့လာကြစမ်းပါ၊ ဖြန့်ဝေကြစမ်းပါလို့ တိုက်တွန်းပါရစေ”ဆိုပြီး စေတနာကောင်းဖြင့် ညွှန်ပြပြောကြားခဲ့ပါသည်။
ဥပမာဆိုရလျှင် မိမိတို့ မကြာခဏ အသုံးပြုနေကျစကားများ၊ သူတစ်ပါး သုံးနေတာကိုလည်း ကြားသိရသည့်စကားများ၊ အဆိုအမိန့်များသည် ကြားသာကြားဖူးသည်။ ဘယ်စာက လာပါသနည်းဟူ၍ တိတိကျကျ မသိရှိကြသည်က များပါသည်။
သို့သော် အဆိုပါအမိန့်စကားများသည် မိမိတို့၏ နေ့စဉ်ဘဝတွေမှာ ပျံ့နှံ့နေပြီး မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ နှလုံးအမူအရာတွေကို ကြိုးကိုင်နေပါသည်။
သားငယ်သမီးငယ်များ၊ တပည့်များ လမ်းမှားလိုက်နေကြလျှင် မိဘကမဆုံးမ၍၊ ဆရာသမားက မသွန်သင်၍ဆိုပြီး ပြောတတ်ကြပါသည်။ ဤကိစ္စကို စာသံပေသံနှင့်ပြောလျှင်- အငယ်ကတည်းက၊ မဆုံးမသော် မိဘတစ်လည်၊ ရန်သူမည်၏။
ဟူ၍ပြောကြသည်။
ဤသို့ဆိုလျှင် ဤစကားရပ်က ဘယ်ကလာပါ သနည်း။
- သစ္စံဓမ္မ၊ ဝီရိယနှင့်
စာဂဟူသည်၊ ရန်သူအောင်မှု
ကြောင်းလေးခု ဟူ၍ဆိုပါသည်။
ဤစကားရပ်ကို ကျွန်ုပ်တို့ ဘယ်ကရပါသနည်း။
- တစ်ယောက်ချမ်းသာ၊ ကိုယ်ဖို့ရှာ၍
သတ္တဝါပေါင်း၊ ဆင်းရဲကြောင်း...
ဤစာကို ဘယ်မှာတွေ့ရပါသနည်း။
အထက်ဖော်ပြပါစာပိုဒ်များသည် “သံဝရပျို့” တွင် ရှင်မဟာရဋ္ဌသာရစပ်ဆိုသွားသည့် အဆိုအမိန့်များ ဖြစ်ပါသည်။
နောက်ထပ်တင်ပြစရာ အဆိုအမိန့်များ ရှိပါသေးသည်။
- ခါးတောက်(ခွေးတောက်)မြစ်ယှက်
စိုက်ရောဖက်က
သရက်ပင်မင်း၊ သီးချိုကင်း....လို့ ဆိုပါသည်။
သူတော်ကောင်းနှင့်ပေါင်းလျှင် သူတော်ကောင်း၊ သူယုတ်မာနှင့်ပေါင်းလျှင် သူယုတ်မာဖြစ်မည် ဆိုသော အဖွဲ့ဖြစ်ပါသည်။
- သားတို့ရုပ်ရည်၊ သီတာမည်သား
ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက
မိဘတို့ဝမ်း၊ ငြိမ်းစတမ်း ... တဲ့။
သားသမီးတို့မျက်နှာ မြင်လိုက်ရလျှင် ကြည်လင်ရွှင်ပျသော မိဘဆရာတွေကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။
- အိမ်ထောင်မချ၊ သားမိန်းမအား
မြင့်ရှည်ထားသော်၊ မောင်ဖွားမိဘ
ထိန်းရခက်ပဲ၊ အရှက်ကွဲ၏.... တဲ့။
သားသမီးတို့အား အိမ်ထောင်ရက်သား မချပေးဘဲ အချိန်အကြာကြီး မိဘများ အရိပ်အောက်တွင် ထားပါက ထိန်းသိမ်းရခက်ခဲကာ လမ်းမှားသို့ ရောက်ရှိပါက မိဘများရင်ကွဲ၊ အရှက်ကွဲရတတ်ကြောင်း...ဆိုသည့် အဓိပ္ပာယ်ပါ။
- သူတော်ချင်းချင်း
သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့က
လေ့လေ့ကျက်ကျက်၊ ကျွမ်းဖက်ပီပီ ... တဲ့။
- ရဟန်းကျင့်ဝတ်၊ တစ်ပါးတတ်က
လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏။
- ရင်သွေးဟူက၊ ချစ်မဝတည့်... တဲ့။
- လက်ဦးဆရာ၊ မည်ထိုက်စွာ
ပုဗ္ဗာစရိယ၊ မိနှင့်ဖ ... တဲ့။
- ပညာရဲရင့်၊ ပွဲလယ်တင့် ... တဲ့။
အထက်ဖော်ပြပါ ကဗျာတွေ၊ စာတွေ၊ စကားတွေသည် အခါအားလျော်စွာ၊ အကြောင်းအားလျော်စွာ ထွက်လာကြပါသည်။ ကျက်ထားကြသည်လည်း မဟုတ်ကြပါ။ မှတ်ထားကြသည်လည်း မဟုတ်ကြပါ။ ကျွနု်ပ်တို့၏ အသွေးထဲ၊ အသားထဲမှာကို ဤစကားများ ကိန်းအောင်းနေကြပါသည်။
ဤစာ၊ ဤစကား၊ ဤကဗျာ၊ ဤဆိုရိုးစကား၊ မြန်မာမှုအသုံးအနှုန်းများသည် ကိုးခန်းပျို့မှလာသောစကားများဖြစ်ပါသည်။ ရှင်မဟာရဋ္ဌသာရ စပ်ဆိုတော်မူခဲ့သော ပျို့ဖြစ်ပါသည်။
ကိုးခန်းပျို့သည် ရှေးရှေးက သတ်ပုံသတ်ညွှန်း ဆရာများ၊ ပင့်ရစ်ခွဲထား ဆရာများ များစွာအားကိုးအားထား ပြုကြရပါသည်။ ကိုယ်ကျင့်တရားနှင့် စပ်လျဉ်းပြီး ဟောပြောဆုံးမ လိုသူများသည်လည်း ကိုးခန်းပျို့ကို စံထားလေ့လာ အတုယူကြပါသည်။ စာပေရေးရာ ဂုဏ်ရသများကို ထုတ်ဆောင်လိုသည့် အလင်္ကာဆရာများကလည်း ကိုးခန်းပျို့ကိုပင် မှီခိုအားထားရပါသည်။ ကဗျာလင်္ကာဖွဲ့ဆိုလိုသော စာဆိုလောင်းများကလည်း ကိုးခန်းပျို့ကို စံထားလေ့လာ အတုယူကြရပါသည်။
မြန်မာစာပေအဆီအနှစ်ကို ထုတ်ယူသုံးစွဲရန် အသင့်ရှိပြီးဖြစ်သော ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့နှင့် သံဝရပျို့တို့ကို နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး လေ့လာလိုက်စား သင်ယူခြင်းဖြင့် မြန်မာစာ၊ မြန်မာ့ဓလေ့ ထုံးစံအဖွဲ့အနွဲ့တို့ကို ရယူနိုင်ပါရန် စေတနာကောင်းဖြင့် ရေးသား တင်ပြလိုက်ပါသည်။ ။
အောင်ကြည်ညွန့်(တက္ကသိုလ်)