ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၂

    ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

    ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန် ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ အရာရှိရပ်ကွက်၊ ငလပွေ့လမ်းသစ်ရှိ ရွှေနံ့သာပရိယတ္တိ စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာရအား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်ကြီးနှင့် အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များအား နယ်မြေခံဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ခရေပင်လမ်းခွဲရှိ ဇယျသုခသီလရှင်ကျောင်းသို့ သွားရောက်ပြီး သာသနာနွယ်ဝင် သီလရှင်ဆရာလေးများအား ဝတ္ထုငွေ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း သည်။

    အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ကုလားတန်(၄)ရေယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးအပ်သည့်  စားသောက်ဖွယ်ရာများအား မီးရထားဆိပ် ရပ်ကွက်ရှိ စားသုံးသူရေးရာ ဂိုဒေါင်အတွင်းသို့ စနစ်တကျ သယ်ဆောင် ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေသူများ ကြည့်ရှုအားပေးစကား ပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ၎င်းနောက် ဓါတ်ခွဲခန်းရှိ CP Auto Testi Lipit Profile Test Liver Function Test CPR B/C/HIV Test ဓါတ်ခွဲစက်ပစ္စည်းများဖြင့် ဓါတ်ခွဲ ဆောင်ရွက် ပေးနေမှုများကို လေ့လာကြည့်ရှုပြီး ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဦးဥတ္တမခန်းမရှေ့၌ MEC မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ စက်ရုံထုတ်ပစ္စည်းများဖြစ်သည့် ဆောက်လုပ်ရေးပစ္စည်းများနှင့်  စားသောက်ကုန် ပစ္စည်းများ ပြည်သူများသို့ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချ ပေးနေမှုနှင့် ပြည်သူလူထုမှ အားပေးဝယ်ယူနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

    ထို့အတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။ ယင်းနောက် ကျေးရွာအုပ်စု ၂၂ အုပ်စုတို့အတွက် မျိုးစပါး ၂၄၀၂ တင်းနှင့် မျိုးစေ့ ၁၉ မျိုးပါ မျိုးစေ့ထုပ် ၂၀၀၆ ထုပ်တို့ကို ရွာဟောင်းတောကျေးရွာအုပ်စု၊ ချောင်းသစ် ကျေးရွာအုပ်စုနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

    အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့မမှန်ကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဦးဆောင်မှုဖြင့် ပြုလုပ်သည့် သဘာဝဘေးဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး ဆွမ်းဆန်တော် လှူဒါန်းပွဲသို့ တက်ရောက်ကာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းမှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။