ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာနှင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ နန္ဒဝန်ရှိ သာသနာနွယ်ဝင်သီလရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာနှင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး() နန္ဒဝန်ရှိ သာသနာနွယ်ဝင်သီလရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၁၂

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါစာသင် ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က ဆရာ/ဆရာမ ၁၉ ဦးနှင့် ကျောင်းသား ၃၇၄ ဦး၊ ကျောင်းသူ ၃၇၅ ဦးတို့အား သွေးတိုးရောဂါ၊ ချောင်းဆိုးရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ယင်းသို့ ဆောင်ရွက်နေမှုများကို ဟုမ္မလင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

    အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ နန္ဒဝန်ရှိ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ အေးမြချမ်းသာ သီလရှင် ပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် နယ်မြေခံ ဆေးကုသရေး အဖွဲ့က သာသနာနွယ်ဝင် သီလရှင် ၂၁၁ ပါးနှင့် ဒေသခံပြည်သူ ၆၂ ဦးတို့ကို ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရာဂါ စမ်းသပ်စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက် ဆေးကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်နေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါစာသင်တိုက်ရှိ သာသနာနွယ်ဝင် သီလရှင် ဆရာလေးများအတွက် ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။