တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် . . .

တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်)

    ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့သည့် အတွက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၁၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေတပ်နယ်သို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများကို ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းရှိ အခြားသော တပ်နယ်များသို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အခြားသော တပ်မတော်အဆင့်မြင့် အရာရှိကြီးများကို စေလွှတ်၍ ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုစစ်ဆေးစေခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်စေခဲ့သည်။

မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရှိသမျှ အင်အားဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ မုန်တိုင်းသင့်ဒေသများ အတွက်  စေတနာရှင် ပြည်သူများကလည်း အလှူငွေများကို သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့ကြသည်။ ပြည်ပနိုင်ငံအချို့မှလည်း ကူညီဆောင်ရွက်ပေးမှုများ ရှိသည်။တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိသည်ဆိုသည့်အတိုင်း ပြည်တွင်းအားကို အဓိကထား၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် အခြေအနေကောင်းများကို တွေ့မြင်နေရပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဖြစ်ပေါ်ခဲ့ချိန်တွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်  အသေအပျောက် အနည်းဆုံးဖြင့်  ကျော်ဖြတ်နိုင်ခဲ့သည်။  တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင်  နိုင်ငံအတွက်စိတ်ကောင်း စေတနာကောင်းဖြင့်  ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့်စိတ်ဖြင့်  ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို ဦးဆောင်နေစဉ်အတွင်း ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများရှိသည်။  ထိုသို့နိုင်ငံရေး အခက်အခဲများ ကြုံတွေ့နေရချိန်၌  မိုခါမုန်တိုင်း ကျရောက်ခဲ့ခြင်းကြောင့်  ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်  လိုအပ်ချက်များ ရှိနိုင်သော်လည်း  နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ စည်းလုံးညီညွတ်စွာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သဘာဝဘေးဒဏ် ခံခဲ့ရသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများအား ဇူလိုင်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းများ၌ သီးခြားစီတွေ့ဆုံကာ အားပေးစကား ပြောကြားရာတွင် “မြန်မာနိုင်ငံ၏ အနောက်ဘက် အကျဆုံးနယ်မြေဖြစ်သဖြင့်  တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် ကာကွယ်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများဖြစ်သဖြင့်  မိမိတို့နေထိုင်သည့် မြေပေါ်တွင်  သစ္စာရှိရှိဖြင့်ဆောင်ရွက်ရန် လိုကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူနေကြသူများဖြစ်သဖြင့် အားလုံးညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရန် လိုကြောင်း၊ မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်မှာ  တိုင်းပြည်သာယာ ဝပြောရေးနှင့် တိုင်းပြည်စားရေ ရိက္ခာပေါများရေးပင် ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့်  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့်  ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအပေါ် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့သို့ လာရောက်ခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သည် ယခင်က သွားရေးလာရေး ခက်ခဲသည့် ဒေသများဖြစ်သော်လည်း ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးမှာ အတိုင်း အတာတစ်ခုအထ ိကောင်းမွန်လာခဲ့ပြီဖြစ်သည်။ သဘာဝဘေး အန္တရာယ်သည်ရှောင်လွှဲ၍ ရနိုင်သည်မဟုတ် သော်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်သည်။

ရသေ့တောင်မြို့နယ်သည် မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းပေါ်တွင် ရောက်ရှိသည့်အတွက် အထိအခိုက် ပျက်စီးမှု များပြားခဲ့ပြီး ဘူးသီးတောင်မြို့နယ်မှာ ထိခိုက်ပျက်စီးမှု နည်းပါးခဲ့သည်။ မြို့နယ်များအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေတ ိုကောင်းမွန်ရေးအတွက်သာ မဟုတ်ဘဲ  ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခင်ကထက် ဖွံ့ဖြိုးတိုးတက် လာသည်ဖြစ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နေထိုင်မှု စည်းကမ်းများကိုလည်း တိုးတက်ကောင်းမွန် အောင်ဆောင်ရွက် ရမည်ဖြစ်သည်။ စီးပွားရေးကောင်းရန်အတွက် ကိုယ့်အားကိုယ်ကိုး ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် စားရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေး လျက်ရှိသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပညာတတ် လူသားအရင်းအမြစ်များသည်လည်း မဖြစ်မနေ လိုအပ်သည်။ လက်ရှိအခြေအနေထက် ဖွံ့ဖြိုးတိုးတက်ရေးမှာ မိမိတို့၏ မျိုးဆက်သစ်ကလေးငယ်များကို ကောင်းမွန်စွာ မြေတောင်မြှောက်ပေးရန် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တိုင်းပြည်ကိုချစ်သည့် စိတ်ဖြင့် မိမိဒေသ၊ မိမိပြည်နယ်၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။