ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများ၏ ဈေးကွက်တန်ကြေး မြင့်တက်မှု အများဆုံး အသင်းစာရင်းတွင် အာဆင်နယ်အသင်းက ထိပ်ဆုံး၌ ရပ်တည်လျက်ရှိ
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများ၏ ဈေးကွက်တန်ကြေး မြင့်တက်မှု အများဆုံး အသင်းစာရင်းတွင် အာဆင်နယ်အသင်းက ထိပ်ဆုံး၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။
Transfer Market ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် ဘောလုံးရာသီက အာဆင်နယ်အသင်းမှ ကစားသမားများ၏ ဈေးကွက်တန်ကြေးမှာ စတာလင်ပေါင် ၅၇၂ သန်းရှိရာမှ လက်ရှိဈေးကွက်တန်ကြေးမှာ စတာလင်ပေါင် ၉၁၅ သန်းအထိရှိပြီး စုစုပေါင်း စတာလင်ပေါင် ၃၄၃ သန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။
မာတင်နယ်လီ၊ ဆာကာ၊ အိုဒီဂက်စ်၊ ဆလီဘာစသည့် အရည်အချင်း အပြည့်အဝရှိသည့် လူငယ်ကစားသမားများကို ပိုင်ဆိုင်ထားသည့်အတွက် ဈေးကွက် တန်ကြေးမှာလည်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
ဈေးကွက်တန်ကြေးမြင့်တက်မှု အများဆုံး အသင်းစာရင်းတွင် အာဆင်နယ် အသင်းနောက်၌ ဘရိုက်တန်အသင်းက ရပ်တည်နေပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဘရိုက်တန်အသင်း ကစားသမားများ၏ ဈေးကွက်တန်ကြေးမှာ စတာလင်ပေါင် ၁၅၉ သန်းသာရှိရာမှ ယခုအခါ စတာလင်ပေါင် ၄၀၂ သန်းရှိကာ ပေါင် ၂၄၃ သန်းအထိမြင့်တက်လာခြင်းဖြစ်သည်။
ဈေးကွက်တန်ကြေး အကျဆင်းဆုံး အသင်းအဖြစ် ချယ်လ်ဆီးအသင်းက စတာလင်ပေါင် သန်း ၈၀၀ ရှိရာမှ ယခုအခါ စတာလင်ပေါင် ၆၇၆ သန်းသာရှိပြီး စတာလင်ပေါင် ၁၂၄ သန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။