မန္တလေးမြို့၊ မဟာမုနိဘုရားကြိး (၉၅)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် ကွင်းဖွင့်ပွဲ ကျင်းပ

မန္တလေးမြို့၊ မဟာမုနိဘုရားကြိး (၉၅)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် ကွင်းဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၁၃

          မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး(၉၅)ကြိမ်မြောက် ဝါဆိုခြင်း အလှခတ်ပွဲတော် ကွင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အနောက် ၄၅ တာရှိ ဝါဆိုခြင်းလုံးအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါဆိုခြင်း အလှခတ်ပွဲတော် လက်ရွေးစင်ခြင်း အသင်းများမှ အားကစားသမားများ၊ ခြင်းပညာရှင်များ၊ ခြင်းဝါသနာရှင် များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ရွေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြ သည်။ ထိုနောက် မြန်မာရိုးရာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အစဉ်တစိုက် ထိန်းသိမ်း ကျင်းပလာခဲ့သည့် ဝါဆိုခြင်း အလှခတ်ပွဲတော် ကွင်းဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပြီး ကွင်းဖွင့်ပွဲ အမျိုးသမီးအဖွဲ့နှင့် အမျိုးသားအဖွဲ့တို့က ခြင်းအလှခတ် ကစားပြသခြင်းကို ကြည့်ရှုအားပေးကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မဟာမုနိ ဘုရားကြီး ရင်ပြင်တော်ရှိ ပိဋကတ်တိုက်ပြခန်းသို့ သွားရောက်၍ ပြခန်းအား အဆင့်မြှင့် တင်ပြုပြင် မွမ်းမံ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ပြသပစ္စည်းများ၏ ရှင်းလင်းချက် စာသားများကို မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ဖတ်ရှုနိုင်သည့်အပြင် QR စနစ်များဖြင့် လေ့လာဖတ်ရှုနိုင်ရန်နှင့် E-Library အခန်း အတွင်း၌လည်း အကြောင်းအရာအပြည့်အစုံ ကို လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့် အဆိုပါပြခန်း၌ ပေစာထုပ် စုစုပေါင်း ၂၁၂၇ ထုပ်၊ ကမ္မဝါထုပ် စုစုပေါင်း ၂၂ ထုပ်နှင့် ပုရပိုက် စုစုပေါင်း ၇၁ ထုပ်တို့ကို စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။