ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၁၃
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ဆန်၊ သကြား စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့သော ဆေးပစ္စည်းများ ၅.၇၇၂ တန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၆၇.၃ တန်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၆၆ ဦးတို့အား ပို့ဆောင်ပေး နိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့် ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံ ရယူကြကြောင်း သတင်း ရရှိသည်။