ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ

လူငယ်မောင်မယ်တို့ပညာရည်ပြည့်ဝ၍ အတွေးအခေါ်မှန်ကန်ကာ နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး သင်ကြားပေးရာဌာနသည် အခြေခံပညာကျောင်းများဖြစ်သည်။ အခြေခံပညာ ကျောင်းများသည်  အရေးကြီးသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် ပညာရေးကျောင်းများနှင့် အခြေခံပညာ ကျောင်းများ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိခရိုင်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခြေခံပညာကျောင်းများသည် လူ့အသိုက်အဝန်းတစ်ရပ်၏ အဓိကအရင်းအမြစ် ဖြစ်သော အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအား စသည့်ကဏ္ဍကြီး(၃)ရပ်ကို ထုဆစ်ပုံဖော်ပေးနေသည့်ဌာနများ ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ တာဝန်သိတတ်ခြင်း၊ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝခြင်းစသည့် အချက်များသည် မိမိတို့နိုင်ငံ အနာဂတ်နှင့်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ်တိုက်ရိုက်သက်ရောက်စေသည့် အခြေခံကောင်းများ ဖြစ်သည်။ ပညာရည်မြင့်မားရေးနှင့် ၎င်းအချက်များ ပြည့်စုံစေရေး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် အချက်အလက်များကို ဝိုင်းဝန်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်တွင် လူငယ်မောင်မယ်တိုင်း နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာရန်လိုအပ်လှသည်။

ထိုသားကောင်း၊ သမီးကောင်းများ ပေါများမှသာ ခေါင်းဆောင်ကောင်းများ ဖြစ်လာပေလိမ့်မည်။ လူငယ်မောင်မယ်တိုင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်စည်းတတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ ရိုသေကျိုးနွံခြင်းစသည့် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံးစောင့်စည်းထိန်း သိမ်းနိုင်သော အရည်အချင်းများလည်း ရှိရမည်ဖြစ်ပေသည်။  နိုင်ငံ့သားကောင်းဆိုသည်မှာ နိုင်ငံတော်ကိုတန်ဖိုးထား လေးစားခြင်း၊ အများ၏အကျိုးအတွက် စိတ်ရောကိုယ်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိဉာဏ်နှင့်ယှဉ်၍ ရိုးသားဖြောင့်မတ်စွာနေထိုင်ခြင်း စသည့် ပြည်သူ့တာဝန်များကို သိရှိနားလည်ပြီး လိုက်နာကြရမည့်အပြင် နိုင်ငံတော်၏ ကောင်းကျိုးစီးပွားပျက်ပြားစေမည့် ပြည်တွင်းရန်၊ ပြည်ပရန်ဟူသမျှကို ကာကွယ်တွန်းလှန် တိုက်ဖျက်ရမည် ဟူသောသဘောထား၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရမည်ဟူသော စိတ်ထားရှိရမည်ဖြစ်သည်။

နိုင်ငံတော်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအရာများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှ ပါဝင်ပါသည်။ မည်သည့်အရာကိုမဆို မှန်ကန်စွာ ဝေဖန်ပိုင်းခြားပြီး မိမိအတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် ကောင်းကျိုးပြုသည့် ကိစ္စရပ်များကို လုပ်ဆောင်နိုင်ဖို့လိုအပ်သည်။ အသိပညာ၊ အတတ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိပါက သူတစ်ပါး၏ သွေးဆောင်ဖြားယောင်းမှု အောက်တွင် နစ်မွန်းကာ အညွန့်ကျိုးသွားတတ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အရေးကြီးသော စိတ်ဓာတ်မှာ ပညာရေးကိုစိတ်ဝင်စားကာ ပညာတတ်မှလူရာဝင်မည်ဟူသော အသိရှိထားကြရန် အရေးကြီးလှသည်။

လူငယ်မောင်မယ်တို့အနေဖြင့် မိမိတို့၏ပညာကို အခြေခံ၍ဆင်ခြင်တုံတရား၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသည့် ဉာဏ်ပညာပြည့်ဝနေရန်လိုအပ်လှပေသည်။ လက်ရှိကာလတွင် နိုင်ငံအတွက် အကြီးမားဆုံး အန္တရာယ်မှာ နိုင်ငံပျက်စီးရေးကိုဦးတည်သည့် လွဲမှားသောအတွေးအမြင်များ သွတ်သွင်းခံရခြင်း ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ နိုင်ငံတော်အတွက် အားထားရမည့်တ က်လူများဖြစ်သည်။ စာသင်ကျောင်းများသည်ကျောင်းသား၊ ကျောင်းသူများ၏ ဘဝခရီးလမ်း တိုးတက် ဖြောင့်တန်းရေးအတွက် သွန်သင်ဆုံးမနည်းလမ်းပြရာနေရာကောင်းများ ဖြစ်သည်။ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကာ ပညာရေးလမ်း ပိုမိုကောင်းမွန်ရေးကို ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်နှင့် လူငယ်မောင်မယ်တို့၏ကောင်းကျိုးကို ရှေးရှုဆောင်ရွက်ခြင်းပင် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးကို ဦးတည်ချက်တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် အခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။  KG+9 ပြီးမြောက်သည်နှင့် အသက်မွေးဝမ်း ကျောင်းပညာများသင်ယူနိုင်သည့် အခွင့်အလမ်းကိုလည်း ဖော်ဆောင်ပေးထားပြီး ဖြစ်သည်။

နိုင်ငံတော်တွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိရာ ပညာရည်မြင့်မားပြီး အတွေးအခေါ်မှန်ကန်သည့်လူသားအရင်းအမြစ်များ တိုးတက်များပြားရန် လိုအပ်လှသည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းသား၊ ကျောင်းသူတိုင်း ပညာရည်ပြည့်ဝကာ နိုင်ငံတော်အတွက် အားကိုးအားထားရသောသားကောင်း၊ သမီးကောင်းများဖြစ်လာစေရေး ပညာရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းမှာ လွန်စွာအကျိုးရှိသော ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။