မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း နိုင်ငံတကာပြိုင်ပွဲများအတွက် ပဏာမကစားသမားများဖြင့် စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်
ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ကစားရန်ရှိနေသည့် မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် ပဏာမကစားသမား ဦးရေ ၄၀ ဖြင့် စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်း နည်းပြဖိုက်တန်ဘိုင်နာက တာဝန်ယူမည်ဖြစ်ပြီး ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှယူ-၂၃ ပြိုင်ပွဲ ခြေစစ်ပွဲနှင့် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၃ အာဆီယံ ယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်မှ ၂၆ ရက်အထိ၊ ၂၀၂၄ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ၊ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ကစားသမားများကိုအခြေခံပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကစားသမားများပေါင်းစပ်ပြီး ပဏာမကစားသမားဦးရေ ၄၀ ဖြင့် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
စည်သူအောင်