စစ်တွေမြို့နယ်၊ ဒုံးပြင်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ မုန်တိုင်းသင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒုံးပြင်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ ရှိ မုန်တိုင်းသင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အထူးဆေးကုသရေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်လှည့်ဆေးကုသရေး အဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျေးရွာ၌ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ မုန်တိုင်းသင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အဖျားရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့ပြင် အဆိုပါကျေးရွာအတွင်းရှိ နေအိမ်အဆောက် အဦအတွင်း ခြင်ခိုအောင်နိုင်သောနေရာများနှင့် ခြံဝန်းအတွင်း/အပြင်နေရာများအား ခြင်ဆေးဖျန်းခြင်း များ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။