ပုဂံဒေသ၏ယဉ်ကျေးမှုအမွေအနှစ်များ

ပုဂံဒေသ၏ယဉ်ကျေးမှုအမွေအနှစ်များ

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသည် နှစ်ပေါင်းထောင်ကျော်က ရှေးဟောင်းအဆောက်အအုံများကို တစုတဝေးတည်း တစ်နေရာတည်းမှာတွေ့နိုင်သော တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့နှလုံးသားအမွေအနှစ် ယဉ်ကျေးမှုဒေသ ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ် ထိုက်တန်စွာ ရရှိထားသော ဒေသဖြစ်ပြီး နိုင်ငံတကာကအထူးစိတ်ဝင်စားသောယဉ်ကျေးမှုနယ်မြေဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက် လေ့လာသူတိုင်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိကြသည်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု သတ်မှတ်ကြသည်အထိ ပုဂံဒေသသည် စိတ်ဝင်စားဖွယ် အလွန်ကောင်းလှသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပုဂံဒေသတွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့သည်မှာ မိုးရေချိန် ၁၅ ဒသမ ၇၅ လက်မအထိရှိခဲ့သည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရားအပါအဝင် ဘုရား ၁၅ ဆူ၏ ပရဝဏ်ထဲ၌ ရေဝင်ရောက်ခဲ့ခြင်း၊ ဘုရားရှစ်ဆူ၏ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးမှုဖြစ်ခြင်း၊ ရှေးဟောင်းအဆောက်အအုံစေတီပုထိုး ၄၅ ဆူ အနည်းငယ်ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။ ထိခိုက်ပျက်စီးမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ရာ ထိခိုက်ပျက်စီးခဲ့သည့် ရှစ်ဆူအနက် ခုနစ်ဆူအားပြုပြင် ထိန်းသိမ်းပြီးဖြစ်သည်။ သဗ္ဗညုဘုရားတံတိုင်း အနည်းငယ်ပျက်စီးမှုမှာ တရုတ်နိုင်ငံမှပညာရှင်အဖွဲ့က ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရှိရသည်။

သဘာဝဘေးဒဏ်ကြောင့်အနည်းငယ်ထိခိုက်ပျက်စီးခဲ့သော ၄၅ ဆူအနက်မှ သုံးဆူပြုပြင်ပြီးစီးပြီး ကျန် ၄၂ ဆူကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ပရဝဏ်အတွင်း ရေဝင်ရောက်ခဲ့သည့် ဘုရား ၁၅ ဆူအနက်စူဠာမဏိ ဘုရားပရဝဏ်မှာ ရေဝင်ရောက်မှု အများဆုံးဖြစ်ခဲ့သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း ဘုရားပရဝဏ်အတွင်း မြေမျက်နှာပြင် အနိမ့်အမြင့် တိုင်းတာမြေညှိခြင်း၊ ရေထွက်ပေါက်အဟောင်းများရှာဖွေပြုပြင်ခြင်း၊ လိုအပ်မည့် နေရာများတွင် မူလပုံစံမပျက်စေဘဲ အသစ်ထပ်မံဖောက်လုပ်စေခြင်းတို့ဆောင်ရွက်ခဲ့ရာ အားလုံးပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

ပုဂံဒေသ၏ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွား လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက်ပါ ကြိုတင်မျှော်မှန်းပြီး နှစ်အလိုက်အဆင့်ဆင့်ကြိုတင် ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်သွားရန် ပြည်တွင်း/ပြည်ပပညာရှင်များ၏ နည်းပညာအကူအညီနှင့် အကြံဉာဏ်များ ရယူခဲ့သည့်အပြင် အသုံးပြုသည့် ပစ္စည်းများကိုလည်း ရှေးဟောင်းအမွေအနှစ်နှင့် ကိုက်ညီပြီး စံချိန်စံညွှန်းပြည့်မီသောပစ္စည်းများကိုသာအသုံးပြုလျက်ရှိသည်။ ငလျင်ဒဏ်သင့် ပုဂံစေတီ ပုထိုးများအတွက် ပြည်တွင်း/ပြည်ပက သဒ္ဓါတရားထက်သန်စွာ  လှူဒါန်းမှုများမှာလည်း ဝမ်းသာကြည်နူးဖွယ်ကောင်းလှသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဇူလိုင် ၆ ရက်ကကျင်းပသည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သောကြောင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပပညာရှင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ၊ နိုင်ငံတကာတွင် လက်ခံအသုံးပြုနေသော ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များတွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့်အတိုင်း နှစ်ပေါင်းထောင်ချီ ကြာမြင့်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် နိုင်ငံတော်၏ အသည်းနှလုံးဖြစ်ပေရာ ထိုဒေသတွင် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိတိုင်း နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ စည်းလုံးညီညွတ်စွာ ပြုပြင်ခဲ့သည်ချည်း ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိစေတီပုထိုးများအနက် ၃၈၉ ဆူထိခိုက်ပျက်စီးခဲ့သည်။ UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်းပြည်ပရှေးဟောင်းသုတေသနဆိုင်ရာပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်းနှင့် နည်းပညာတက္ကသိုလ်များ စသည့် ပညာရှင်အဖွဲ့အစည်းများနှင့်လူမှုရေးအဖွဲ့များ ပူးပေါင်းကူညီပါဝင် ဆောင်ရွက်ခဲ့မှုကြောင့် စေတီပုထိုး၃၈၉ ဆူအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးပေါင်း၍ ကိုးနှစ်စီမံကိန်းဖြင့် ပြင်ဆင်နေသည့် သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။