သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေး အဖွဲ့များက အားတက်သရောဆောင်ရွက်

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေး အဖွဲ့များက အားတက်သရောဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၅

          မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှု ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ် ပြီးကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင် တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီး လှပါသည်။ မိမိတို့ တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ လျှင်သန့်ရှင်းသာယာလှပသောမြို့၊ ရွာ  Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက် ကြရမည် ဖြစ်ပါသည်။

          ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပ ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၅) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၄)မြို့နယ် တို့၌ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်(၄၅)မြို့နယ် တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၁၄)မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း ဘုရား၊ စေတီ ပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်း မွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

          ထို့ပြင် မန္တလေးမြို့ပေါ်ရှိတာဝန်သိလူငယ်၊ လူရွယ်များစုစည်း၍ “မြို့ရွာ သန့်ရှင်း ရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း” စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သင်ကြားရေးဆေးရုံ(ခုတင်- ၃၀၀) ဝန်းအတွင်း၌ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာ ချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျအမှိုက် စွန့်ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။