မျိုးဆက်သစ်တို့ ထမ်းဆောင်ရမည့်တာဝန်

မျိုးဆက်သစ်တို့ ထမ်းဆောင်ရမည့်တာဝန်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆ ရက်)

    အာဇာနည်နေ့နီးလာသည်နှင့်အမျှ နိုင်ငံပိုင် သတင်းမီဒီယာများတွင်   ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များကို  ထင်ထင်ရှားရှား ဖော်ပြလျက်ရှိသည်။ မိန့်ခွန်းတိုင်းမှာ ယနေ့လူငယ်များ အတွက် လမ်းမှန်ကို ညွှန်ပြနေခြင်းဖြစ်သည်။ ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပသော မြို့လုံးကျွတ် အစည်းအဝေးကြီး၌ မိန့်ခွန်းပြောကြားရာတွင် “နိုင်ငံတော်ကာကွယ်ရေး အင်အားတောင့်တင်းရန်မှာ လူအား၊ စီးပွားရေးအား အားနှစ်ရပ်ပြည့်စုံမှ ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်၏ ကာကွယ်ရေး အင်အားမတောင့်တင်းက နိုင်ငံတော်၏ အခြေမခိုင်ခံ့နိုင်ပါ။ နိုင်ငံတော်၏ အခြေမခိုင်ခံ့က တိုင်းသူပြည်သားများ၏ အကျိုးများနှင့် အခွင့်အရေးများလည်း မခိုင်ခံ့နိုင်ပါ”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ  မျိုးဆက်သစ် လူငယ်တိုင်း လက်ဆင့်ကမ်း ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။လူငယ်တိုင်းက မိမိနိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်ဓာတ်ရှိနေပြီး  ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေသမျှ  ဤနိုင်ငံသည်  သူ့ကျွန်အဖြစ်သို့ မည်သည့်နည်းနှင့်မျှ ပြန်လည်ရောက်ရှိသွားမည် မဟုတ်ပေ။ ကာကွယ်ရေး အင်အားမတောင့်တင်းခဲ့သော် အတိတ်ကာလကဲ့သို့ ဖြစ်ရပ်ဆိုးမျိုး ကြုံတွေ့နိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးဆိုသည်မှာ အမှုမဲ့အမှတ်မဲ့နေလိုက်လျှင် တစ်ခဏအတွင်း ဆုံးရှုံးသွားနိုင်သည်။ ဆုံးရှုံးသွားသောလွတ်လပ်ရေး ပြန်လည်ရရှိရန်မှာမူ အသက်သွေးချွေးမြောက်မြားစွာ စတေးပြီး  ပျက်စီးဆုံးရှုံးမှုများစွာ တွေ့ကြုံပြီးမှသာပြန်ရနိုင်သည်။ အချိန်ကာလအားဖြင့်လည်း များစွာကြာမြင့်သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်တစ်ရပ်ကို ဦးဆောင် ဖွဲ့စည်းနိုင်ပြီး  လွတ်လပ်ရေးကို ကြိုးပမ်းရခြင်းဖြစ်သည်။  တပ်မတော်တစ်ရပ် မရှိခဲ့သော်၊ တစ်နည်းအားဖြင့် ကာကွယ်ရေးအင်အားမရှိခဲ့သော် လွတ်လပ်ရေး ခရီးလမ်းသည်ကား ကြာမြင့်နေဦးမည်သာဖြစ်သည်။ ကိုယ်တိုင်အပင်ပန်း အဆင်းရဲခံကာ ကာကွယ်ရေး အင်အားကို တည်ထောင်ခဲ့သူဖြစ်၍ ကာကွယ်ရေးအင်အား ခိုင်ခိုင်မာမာဖြစ်ရန် မှာကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကဲ့သို့ နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်မျိုး လူငယ်တိုင်းတွင် ရှိနေမှသာ မြန်မာနိုင်ငံသည် ကမ္ဘာတည်သရွေ့ တည်တံ့နေပေလိမ့်မည်။

ယနေ့ကာလ မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် တိုင်းပြည်ကို ကာကွယ်နေသူများ ရှိနေကြသလို   အနာဂတ်ကာလတွင်လည်း ရှိနေကြရမည်ဖြစ်သည်။   တပ်မတော်ဆိုသည်မှာ နိုင်ငံအတွက် မရှိမဖြစ်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ထိုအဖွဲ့အစည်းတစ်ရပ် ကျစ်လျစ်ခိုင်မာပြီး သွေးစည်းညီညွတ်လျက် ရှိနေသမျှကာလပတ်လုံး မြန်မာတို့၏ အနာဂတ်တွင် သူ့ကျွန်ဆိုသော စကားရပ် လုံးဝရှိတော့မည်မဟုတ်ပေ။ တပ်မတော်ဆိုသည်မှာ စဉ်ဆက်မပြတ် တည်ရှိနေရမည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။

ထို့ကြောင့်လူငယ်တိုင်း၏စိတ်တွင် ဗိုလ်ချုပ်အောင်ဆန်းကို အတုယူလေးစားလျှင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပညာတတ်အောင် ကြိုးစားကြရမည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံချစ်စိတ် မွေးမြူရမည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့  တိုင်းပြည်ကာကွယ်လိုစိတ် ရှိကြရမည်။  လူငယ်တိုင်းက နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ  ငါတို့လူငယ်တွေရဲ့ တာဝန်ပါလားဟူသော အသိစိတ်ရှိရမည်။ ၁၉၄၄ ခုနှစ်က ပြောကြားခဲ့သော ကာကွယ်ရေးဆိုင်ရာ မိန့်ခွန်းသည် ယနေ့တိုင် မှန်ကန်နေဆဲဖြစ်သည်။

ဗိုလ်ချုပ်အကြောင်းပြောလျှင် ပြော၍ကုန်နိုင်မည်မဟုတ်။ ဆရာဇော်ဂျီက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ “သူ့အစွမ်းကား၊ အခြားမဟုတ်၊ အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊ မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊ ဗန်းပြအလှ၊ ပကာသနကို၊ ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊ ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊ ကြုံရာဘဝ၊ မုကလုံလောက်၊ ခံမြို့ဆောက်၏၊ ထို့နောက်တစ်ဆင့်၊ မိုးထိလွင့်အောင်၊ ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်၊ ပျံတလူလူ၊ သူထူခဲ့ကြောင်း...”ဟူ၍ ရှင်းလင်းစွာ ဖွဲ့ဆိုထားသည်။ လူငယ်တို့အတုယူနိုင်အောင် အဓိက ရည်ရွယ်ဖွဲ့ဆိုခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ   ရိုးသားစွာ ကျင့်ကြံနေထိုင်သည်။ အမြင့်မားဆုံးရည်မှန်းချက်ကို ထားရှိသည်။  ဖြစ်ချင်သည်ကိုဖြစ်အောင် လုပ်ခဲ့သည်။  လုပ်ပြနိုင်ခဲ့သည်။  ဗိုလ်ချုပ်ကို လူတိုင်းလေးစားသည်။ တန်ဖိုးထားသည်။ အားကျသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များသည် မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့သော်လည်း ပြည်သူတို့၏ ရင်ထဲတွင် ဗိုလ်ချုပ်သည် ယနေ့တိုင်ရှိနေဆဲဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်တိုင်း ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်မြတ်နိုးကြပါလျှင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်ကို ချစ်သည့်စိတ်ဓာတ်၊ တိုင်းပြည်ကို ကာကွယ်လိုသည့် စိတ်ဓာတ် မွေးမြူကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။