နယူးကာဆယ်အသင်း ပိုင်ရှင်များက ဘယ်လ်ဂျီယံကလပ် အိုစတန်ဒီ အသင်းကို ဝယ်ယူရန် ဆွေးနွေးမှုများပြုလုပ်နေ
နယူးကာဆယ်အသင်းကို ပိုင်ဆိုင်ထားသည့် ဆော်ဒီနိုင်ငံအခြေစိုက် Saudi Arabia's Public Investment Fund အုပ်စုက နယူးကာဆယ်အသင်းအပြင် ဥရောပကလပ် အသင်းတစ်သင်းဖြစ်သည့် ဘယ်လ်ဂျီယံ ကလပ် အိုစတန်ဒီအသင်းကို ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
Saudi Arabia's Public Investment Fund အုပ်စုသည် ပြီးခဲ့သည့် ဘောလုံးရာသီက နယူးကာဆယ်အသင်းကို ဝယ်ယူပြီး အသင်းကို အပြောင်းအလဲများ ပြုလုပ်ကာ လိုအပ်သည့်နေရာများ၌ ကစားသမားခေါ်ယူမှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် အသင်းအနေဖြင့် နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ပါရရှိခဲ့ခြင်း ဖြစ်သည်။
Saudi Arabia's Public Investment Fund အုပ်စုက အစောပိုင်းတွင် တခြားအသင်းများကို ဝယ်ယူရန် အစီအစဉ် မရှိသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ဥရောပဘောလုံး အဖွဲ့ချုပ်၏ ပြောင်းလဲခဲ့သည့် စနစ်သစ်ကြောင့် နောက်ထပ်ကလပ်အသင်းများကို ဝယ်ယူရန် စတင်ပြင်ဆင်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘရိုက်တန်အသင်း၊ အက်စ်တွန်ဗီလာအသင်း၊ တူးလော့စ်အသင်းတို့ အနေဖြင့် တူညီသော ရင်းနှီးမြှုပ်နှံမှု အဖွဲ့တစ်ခုက ပိုင်ဆိုင် ထား၍ ဥရောပအဆင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရမည့် အရေးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လွတ်လပ်သည့် အုပ်ချုပ်ရေးအဖွဲ့ စီမံအုပ်ချုပ်ကြောင်း သက်သေပြနိုင်ပါက ဥရောပအဆင့်ပြိုင်ပွဲ ဝင်ခွင့်ပေးမည်ဟု စနစ်ပြောင်းလဲ ထားသည့်အတွက် Saudi Arabia's Public Investment Fund အုပ်စုက နောက်ထပ် ကလပ်အသင်းများကို ဝယ်ယူရန် စတင်ပြင်ဆင်လာခြင်း ဖြစ်သည်။
ငွေကြေးများစွာ ချမ်းသာကြွယ်ဝသည့် Saudi Arabia's Public Investment Fund အုပ်စုက မန်စီးတီး အသင်းကဲ့သို့ နယူးကာဆယ်အသင်းကို အင်အားကြီး အသင်းဖြစ်လာစေရေး ဥရောပကလပ် အသင်းများကို ထပ်မံဝယ်ယူပြီး ဘောလုံး အင်ပါယာ တစ်ခုတည်ဆောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။