၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများနှင့် နိုင်ငံတော် အဆင့် စာစီစာကုံးဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများနှင့် နိုင်ငံတော် အဆင့် စာစီစာကုံးဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၁၆

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများနှင့် နိုင်ငံတော်အဆင့် စာစီစာကုံးဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံ ထူးချွန်ဆုရရှိသူများနှင့် နိုင်ငံတော်အဆင့် စာစီစာကုံးဆုရရှိသူများအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

     ဆုချီးမြှင့်ပွဲများအပြီးတွင် ဆုရစစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ အား လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

   အလားတူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စခန်းမှူးရုံး ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသူများနှင့် နိုင်ငံတော်အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အတွင်းရှိ နဝဒေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် စခန်းမှူးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန် အဖြစ်ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့်စာစီစာကုံး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

          ယင်းနောက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။