နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှုဖူလုံအောင်ဆောင်ရွက်ရေး၊ ပိုလျှံအောင်ထုတ်လုပ်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပသွင်းကုန်များအား အစားထိုးထုတ်လုပ်နိုင်ရေး ဟူ၍ အပိုင်း ၃ ပိုင်းခွဲခြား ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်တွင်း၌ ပြည်သူအများစု နေ့စဉ်သုံးစွဲ စားသုံးနေရသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ ဆောင်ရွက်ရမည် ဖြစ်သည်။
အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်သည့်ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့်စိုက်ပျိုးခြင်းဆိုသည့် အချက် ၂ ချက်ကို အလေးထား ဆောင်ရွက်ရန် လိုသည်။ သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး စိုက်ပျိုးသီးနှံအလိုက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ လိုအပ်သည့်သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာနှင့်မြေပြုပြင်မှုများ ဆောင်ရွက်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေအားလုံး သီးထပ်စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်ခြင်း၊ အလုပ်အကိုင် ဖန်တီးနိုင်စွမ်း တိုးတက်ခြင်း၊ ပြည်တွင်းဖူလုံမှုရှိခြင်းနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားရေး တိုးတက်လာမည် ဖြစ်သည်။
မွေးမြူရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ ဥ၊ နို့များနှင့် စားသောက်ကုန်များ နေ့စဉ်လိုအပ်ချက်များရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဒေသတွင်းဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံလုံးဖူလုံမှုရှိရေးအတွက် စဉ်းစား ဆောင်ရွက်နေရန်လိုသည်။
အသား၊ ငါးများထုတ်လုပ်မှုနှင့် စားသုံးမှုညီညွတ် မျှတမည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူခြင်းများထက် စနစ်တကျဖြင့် မွေးမြူဆောင်ရွက်မည် ဆိုပါက ထုတ်လုပ်မှုများတိုးတက်လာမည်ဖြစ်သည်။ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်သည်။
ဝတ်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အခြေခံကုန်ကြမ်းဖြစ်သည့် ဝါစိုက်ပျိုးမှုမှာ ၂၀၁၆ ခုနှစ်မှစတင်၍ များစွာလျော့နည်းသွားခဲ့သည်။ တစ်နိုင်ငံလုံးဝါလိုအပ်ချက်မှာ ပိဿာချိန် ၃၆၃ ဒသမ ၂၂ သန်းဖြစ်ပြီး မိမိတို့နိုင်ငံ၏ ဝါထွက်ရှိနှုန်းမှာ ၂၀၁ သန်းခန့်သာရှိသည်။ သတ်မှတ်ဝါအထွက်နှုန်းဖြစ်သည့် တစ်ဧက ပိဿာချိန် ၇၀၀ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဝါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံမှုများဖြစ်ပေါ်လာပါက ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝါစိုက်ပျိုးနိုင်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ဝါစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ရန်ဖြစ်သည်။ အထွက်နှုန်း ကောင်းပြီး အဆင့်မီသည့်ချည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းများ ရရှိရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်သည်။
ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအစည်းအဝေးတွင် နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကို ကျင့်သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၃ ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လယ်ယာကဏ္ဍကြီးသည် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများကို ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးမြေများကို ဧကကွက်များဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက စက်မှုလယ်ယာအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျော့နည်းပြီး အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူထွက်ကုန်များကို ဒေသတွင်း၌ လိုအပ်ချက်ရှိသည့် နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်။ ထို့ကြောင့် လိုအပ်ချက်ရှိသည့် သီးနှံထွက်ကုန်များကို စိုက်ပျိုးရေး သုတေသန၊ ဈေးကွက်သုတေသနများပြုလုပ်၍ စိုက်ပျိုးပြီး တင်ပို့ ဆောင်ရွက်ရန် လိုအပ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် အားတက်သရော ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။