လင်းခေးမြို့နယ်၊ မိုင်းပန်မြို့၊ ကျုံပျော်မြို့နယ်နှင့် မုံရွာမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

လင်းခေးမြို့နယ်၊ မိုင်းပန်မြို့၊ ကျုံပျော်မြို့နယ်နှင့် မုံရွာမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၈

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့တို့ရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများ၌ သွားရောက် တွေ့ဆုံပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်သည်။

     အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အတွင်းရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် ယူနီဖောင်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လိုအပ် သည့်ကျန်းမာရေး စစ်ဆေးပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကြသည်။

    ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ အောင်ဇေယျ စစ်မှုထမ်းဟောင်း အိမ်ရာရှိ အောင်ဇေယျခန်းမ၌ သွားရောက်တွေ့ဆုံပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။