တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသောနေ့

တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသောနေ့

မြန်မာ့သမိုင်းကိုပြန်ပြောင်းလေ့လာကြည့်မိတိုင်း  နိုင်ငံတော်နှင့်ပြည်သူတို့အတွက်  အားရဝမ်းသာဖွယ် ကောင်းလှသော ခေတ်ကာလများကိုကြုံတွေ့ကြရသလို အလွန်ဝမ်းနည်း ဖွယ်ကောင်းလှသည့် အချိန်ကာလများကိုလည်း ကြုံတွေ့ခဲ့ရသည်။ တိုင်းသူပြည်သားမှန်သမျှသည် မိမိတို့မှီတင်းနေထိုင်သော နိုင်ငံအတွက် အားရဝမ်းသာဖွယ်ကောင်းလှသည့် ခေတ်ကာလများကိုသာကြုံတွေ့လိုကြပေလိမ့်မည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည့်ဖြစ်ရပ်၊ အချိန်ကာလကို ကြုံတွေ့ချင်မည် မဟုတ်ပေ။ သို့သော်လောကဓံသဘောအရ ကြုံရဆုံရရင်ဆိုင်ခဲ့ကြရသည်။

လွန်လေပြီးသောအတိတ်ကာလက ဖြစ်စဉ်ဖြစ်ရပ်မှန်သမျှသည် ပစ္စုပ္ပန်နှင့်အနာဂတ်အတွက်  သင်ခန်းစာ ယူဖွယ်ချည်းသာဖြစ်သည်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပိုင်နက်လေထဲမှာ  မြန်မာတို့နှစ်ပေါင်းများစွာ အေးချမ်းစွာ နေခဲ့ကြသည်။ အေးချမ်းတည်ငြိမ်စွာရှိနေသောမြန်မာတို့ကို အကြောင်းမဲ့သက်သက်ရန်စကာ စစ်ပွဲများ ဖန်တီးခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲတို့တွင်  မြန်မာတို့ရှုံးနိမ့်ကာ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံးကို အင်္ဂလိပ်တို့သိမ်းပိုက်ထားခဲ့သည်။ အထက်မြန်မာနိုင်ငံ ကွက်ကွက်ကလေးသာ ကျန်နေသောအချိန်တွင် မြန်မာတို့သင်ခန်းစာရခဲ့ပြီ။ ထို့ကြောင့် ကနောင်မင်းသားက နိုင်ငံတော်ခေတ်မီတိုးတက်ရေးအတွက်  အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ ထိုခေတ်ထိုအခါက ရေမြှုပ်ဗုံးတီထွင်နိုင်သော အဆင့်ထိအောင်မြင်နေပြီဖြစ်သည်။

မြန်မာတို့ခေတ်မီတိုးတက်မှုသည် အင်္ဂလိပ်တို့အတွက် ထိတ်လန့်တုန်လှုပ်စရာဖြစ်လာသည်။ ထို့ကြောင့် မြန်မာတို့ပျက်စီးရေးကို တစိုက်မတ်မတ်ကြံစည်တွေးတောကာ နောက်ဆုံးတွင် မြင်ကွန်းနှင့် မြင်းခုန်တိုင်မင်းသားတို့ကို လက်ပါးစေအဖြစ် မွေးမြူလိုက်သည်။ ထိုမင်းသားနှစ်ပါး၏လက်ချက်ဖြင့်  ကနောင်မင်းသားကြီး ကျဆုံးသွားခဲ့သည်။ ထိုမင်းသားတို့ကို အင်္ဂလိပ်တို့ကအကာအကွယ်ပေးခဲ့သည်။ ကနောင်မင်းသား ကျဆုံးခြင်းသည်  မြန်မာတို့တိုင်းတစ်ပါးလက်အောက်ကျရောက်ရန်  တံခါးဖွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် အင်္ဂလိပ်တို့က အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်အောင် ဖန်တီးကာ မြန်မာနိုင်ငံတစ်ခုလုံးကို  သိမ်းပိုက်လိုက်သည်။ လွန်စွာကြေကွဲနာကြည်းဖွယ်ကောင်းသည့် သမိုင်းဖြစ်ရပ်ဆိုးပင်တည်း။

ဆုံးရှုံးသွားသောလွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားများနည်းလမ်းအဖုံဖုံဖြင့် ကြိုးစားခဲ့သလို အင်္ဂလိပ်တို့ကလည်း နည်းလမ်းစုံဖြင့်ဖျက်ဆီးခဲ့သည်။ ခွဲရေး၊ တွဲရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စသည်ဖြင့် မြန်မာတို့မညီညွတ်အောင်၊ သွေးကွဲအောင်ဖန်တီးသည်။ လွန်စွာစည်းလုံးညီညွတ်သော အသင်းအဖွဲ့ များသည်ပင် အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားကာ လွတ်လပ်ရေးပန်းတိုင်နှင့် နီးမလိုလိုနှင့် ဝေးခဲ့သည်။

နောက်ဆုံးတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် တပ်မတော်တစ်ရပ်ရှိဖို့ လိုအပ်သည့်အတွက် သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ပြည်ပသို့သွားရောက်စစ်ပညာသင်ယူပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

တပ်မတော်ပေါ်ပေါက်လာခြင်းသည်  မြန်မာတို့အတွက်အားတက်ဖွယ်၊ ဂုဏ်ယူဖွယ်ဖြစ်သည်။ နှစ်ပေါင်းများစွာ မျှော်လင့်နေသောအိပ်မက်တစ်ခုကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်က အကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးတွင် မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကိုဦးဆောင်ကာ ဖက်ဆစ်တို့ကို မြန်မာ့ မြေပေါ်မှမောင်းထုတ်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ ဗမာ့မျိုးချစ်တပ်မတော်ကို အမြဲတမ်း တပ်မတော်ဖွဲ့စည်းရေးအတွက်  အရှေ့တောင်အာရှစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးလော့လူဝီမောင့်ဘက်တန်နှင့် ကန္ဒီသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

တစ်နှစ်အတွင်းလွတ်လပ်ရေး ရရှိရေးအတွက်  မနားမနေ ကြိုးစားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုခြင်း၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင်ယာယီ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး ဒုတိယဥက္ကဋ္ဌ(ဝန်ကြီးချုပ်)၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခြင်းတို့သည် ထင်ရှားသောလုပ်ဆောင်ချက်များ ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၈ ရက်အထိပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံကျင်းပရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများကို တင်သွင်းခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့အတွင်းဝန်များရုံး၌ ဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ် မသမာသူ လူတစ်စု၏လုပ်ကြံမှုဖြင့် လုပ်ဖော်ကိုင်ဖက်ဝန်ကြီး ခြောက်ဦး၊ အတွင်းဝန် တစ်ဦး၊ သက်တော်စောင့် တစ်ဦးတို့နှင့်အတူကျဆုံးခဲ့သည်။ ဤလုပ်ကြံမှု၏ နောက်ကွယ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။

လွတ်လပ်ရေးတံခါးဝ၌ ခြေချနေစဉ် ယခုလိုဖြစ်ရသည်မှာ အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းလှသည်။

တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသော နေ့တစ်နေ့အဖြစ် ဝမ်းနည်းကြေကွဲစွာ ရေးသားလိုက်ရပေသည်။    ။