ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁)ရှိ ရွှေစင်မင်းသီလရှင်စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁)ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် ၅၄ ပါး၊ ရွှေစင်မင်းသီလရှင်စာသင်တိုက်နှင့် အမျိုးသမီး ပရဟိတပညာရေးကျောင်းတို့မှ သာသနာနွယ်ဝင် သီလရှင် ၁၈၀ ပါး၊ ဆရာ၊ ဆရာမ ၁၅ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၂၉ ဦးနှင့် ဒေသခံပြည်သူ ၇၆ ဦးတို့ကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ သီလရှင်စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့်ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ များကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။