ကြည်ညိုဖူးမြော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

ကြည်ညိုဖူးမြော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ် တော်တွင်တည်ထားလျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ မကြာမီကာလတွင် အနေကဇာတင် တော်မူကာ ရဟန်းရှင်လူပြည်သူအများ ဖူးမြော်ခွင့်ရရှိတော့မည်ဖြစ်သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်အတွင်းကျောက်စာရံစေတီများ၊ မာရဝိဇယကျောင်းတော်၊ သာသနာ့ဗိမာန် တော်ကြီး(အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီး)၊ သံဃာတော်များနားနေဆောင်၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်၊ နဂါးရုံဘုရားများ၊ မဟာရံတံတိုင်း၊ မော်ကွန်းတိုက်၊ အဝင်မုခ်ဦး၊ ရွေ့လျားစက်လှေကား၊ ဂေါပကအဖွဲ့ရုံးတို့ကို ပိဋကတ်တော်လာအဆိုအမိန့်များနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားလျက် ရှိသည်။ ဘုရားကြီးပရိဝုဏ်တော်အတွင်းအိန္ဒိယနိုင်ငံမှရရှိသည့် ဗောဓိညောင်ပင်ကိုစိုက်ပျိုးထားပြီး ဘုရားကြီး၏ ဘယ်ဘက်နှင့်ညာဘက်တို့တွင် လင်းလွန်းတောနှင့် ဘုရားကြီး၏ အနောက်ဘက်တွင် လင်းလွန်းပင်နှင့်လုမ္ဗိနီ အင်ကြင်းပင်များ စိုက်ပျိုးမည်ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်   ကမ္ဘာပေါ်ရှိထိုင်တော်မူဗုဒ္ဓကျောက်ဆစ်ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး တည်ထားကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်များမှာလည်း လူသားအား လုံးကောင်းကျိုးကို ရှေးရှုခြင်းဖြစ်သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့်တည်ထား ကိုးကွယ်ခြင်းဖြစ်သည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်  ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ယာယီသမ္မတဦးမြင့်ဆွေနှင့်ဇနီး၊    နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်၊    တပ်မတော် အငြိမ်းစား အရာရှိကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲ၏ ရှင်းလင်းပြောကြားမှုအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက် ကြည်ညို သဒ္ဓါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာကြသဖြင့် ကြားဖြတ်အစီအစဉ်အဖြစ် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။ ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မတည်အလှူငွေများ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ဤသည်မှာ ဒုတိယအကြိမ်ရှင်းလင်း ပြောကြားခြင်း အခမ်းအနားဖြစ်သည်။

ပထမအကြိမ်မှာ ဇွန်လ ၂၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ အဆိုပါ အခမ်းအနားသို့ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့်ကုမ္ပဏီကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေး အော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

နိုင်ငံတော်အကြီးအကဲ၏ ရှင်းလင်းပြသမှု အပြီးတွင် အခမ်းအနား တက်ရောက်လာကြသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဓါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ကြားဖြတ်အစီအစဉ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလက်ခံရယူသည်။ ထို့နောက်ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုအခမ်းအနားကို အချိန်နှင့်နေရာ ကန့်သတ်ချက်များကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ လှူဒါန်းမှုများနှင့် ပတ်သက်၍ သဒ္ဓါတရားထက်သန်မှုများဖြင့် လှူဒါန်းခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများအလိုက် လှူဒါန်းခဲ့သည့်အလှူရှင်များ၏ အမည်များကိုလည်း ကျောက်ချပ် များပေါ်တွင် ရေးထိုး၍ ကမ္ပည်းမှတ်တမ်းထားရှိပေးမည် ဖြစ်ကြောင်း၊ ယခုတည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသည် ပမာဏကြီးမားပြီး လုပ်ငန်းများလည်းကြီးမားပါကြောင်း၊ ထို့ကြောင့် ယခုတစ်ခဏအချိန်အတွင်း သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဖြင့် ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ကြုံတောင့်ကြုံခဲကုသိုလ်တော်ပွဲတွင် လှူဒါန်းရသော အလှူရှင်အပေါင်းအား ချီးကျူးဂုဏ်ပြု သာဓုခေါ်ဆိုပါကြောင်း ရေးသားလိုက်ရပေသည်။  ။