(၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရစကားသံများ

(၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရစကားသံများ

တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ကိုယ်ကျိုးမငဲ့ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့၏ နိုင်ငံနှင့်လူမျိုးအတွက် နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့မှုများ

ကို ပြည်သူတစ်ရပ်လုံး၏ရင်ထဲတွင် အမြဲအမှတ်တရရှိစေရန်နှင့် အနာဂတ်လူငယ်များ အားကျအတုယူနိုင်စေရန်အတွက် အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ် ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရစကားသံများကို ဖော်ပြလိုက်ပါသည်။

ဦးအောင်ဆန်းဦး

(ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင်)

အာဇာနည်  ခေါင်းဆောင်ကြီးတွေက မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြတယ်။ လွတ်လပ်ရေးရတုန်းက ချမှတ်ထားတဲ့ယုံကြည်မှုပေါ်မူတည်ပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေက အရေးကြီးပါတယ်။ မြန်မာနိုင်ငံဆိုတာက တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ အရာရာကိုစဉ်းစားပြီးလုပ်ကိုင်မှ   ညီညွတ်မှုရမှာပါ။   တိုင်းပြည်နဲ့လူမျိုးအတွက်  အသက်စွန့်ခဲ့ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို    မေတ္တာပို့အမျှပေးဝေပါတယ်။ တိုင်းပြည်ငြိမ်းချမ်း သာယာဖို့အတွက် အမှန်အတိုင်းစဉ်းစားတတ်ဖို့ လိုပါတယ်။   ပြည်သူတွေအနေနဲ့စဉ်းစားတတ်ပြီး   ညီညီညွတ်ညွတ်နဲ့လုပ်ကြဖို့   အရေးကြီးတယ်။   ကျွန်တော်က အာဇာနည်နေ့အခမ်းအနားကို    မတက်ဖြစ်တာကြာပြီ။    ဒီနှစ်တော့    တက်ဖြစ်အောင်တက်မယ်ဆိုပြီးတော့ လာရောက်ခဲ့တာပါ။

နန့်စုစုခိုင်

(မန်းဘခိုင်၏မိသားစုဝင်)

အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အပေါ်  ပထမဆုံးအနေနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။  ကျန်းမာရေးကောင်းတဲ့အတွက်ကြောင့် လာနိုင်တာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါ။  အခမ်းအနားတက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အာဇာနည်ခေါင်းဆောင်တစ်ဦးရဲ့  မိသားစုဝင်ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်ပြီး ကျွန်မတို့အဘိုးက သူ့ရဲ့ပင်ကိုစိတ်က တိုင်းပြည်အတွက် အလုပ်လုပ်ရင်း အာဇာနည်တစ်ဦးဖြစ်ခဲ့တာပါ။    အဲဒီအတွက် ကျွန်မအနေနဲ့  ဂုဏ်ယူပါတယ်။  ကျွန်မအဖေက ကျွန်မတို့ကို အဘိုးလို အလုပ်လုပ်တဲ့အခါ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ လုပ်ပါလို့  အမြဲပြောပါတယ်။  ကျွန်မလည်း သက်ပြည့်ပင်စင်နဲ့    အနားယူပြီဖြစ်တဲ့အတွက်   နိုင်ငံအပေါ်မှာ   ချစ်တဲ့စိတ်နဲ့ အလုပ်လုပ်ခဲ့ပါတယ်။    အားလုံးချစ်ခြင်းမေတ္တာနဲ့  အရာရာကို  တည်ဆောက်ရင် အကောင်းဆုံးပါပဲ။

ဦးလှကြည်

(ဦးရာဇတ်၏မိသားစုဝင်)

ကျွန်တော့်အနေနဲ့ အာဇာနည်နေ့အခမ်းအနားကို  နှစ်စဉ်  လာရောက်ဂါရဝပြုပါတယ်။ ဒီနှစ် အစီအစဉ်ပြုလုပ်တာလည်းကောင်းမွန်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ အနေနဲ့    တိုင်းချစ်ပြည်ချစ်စိတ်ရှိဖို့ အခြေခံဖြစ်တဲ့ စာသင်ကျောင်းတွေကနေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် သင်ကြား

ပေးဖို့လိုပါတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင် သိရှိနားလည်ပြီးတော့ သင်ကြားပို့ချပေးရင် ပိုကောင်းပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ အပေါ်မှာလည်း   ဂုဏ်ယူပီတိဖြစ်မိပါတယ်။ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်က  ခမ်းခမ်းနားနား ပြုလုပ်ပေးတဲ့အတွက်  ကျွန်တော့်အနေနဲ့  ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဦးရဲမြင့်အောင်

(သခင်မြ၏မိသားစုဝင်)

ဒီနေ့လိုနေ့မျိုးမှာ   အာဇာနည်ခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် ဘယ်လိုစွမ်းစွမ်းတမံ    ဆောင်ရွက်ခဲ့ကြသလဲဆိုတာကို အခုခေတ်လူငယ်တွေ သတိတရရှိရင် ကျေနပ်ပါတယ်။  အာဇာနည် ခေါင်းဆောင်ကြီးတွေက ကိုယ်ကျိုးစွန့်ခဲ့ကြတယ်။ တိုင်းပြည်ကိုချစ်တယ်။   သူတို့စိတ်ထဲမှာ လွတ်လပ်ရေးရဖို့ကလွဲလို့   ဘာမှမရှိခဲ့ကြဘူး။ ဘယ်လိုအနှောင့်အယှက်တွေပဲကြုံကြုံ၊ လွတ်လပ်ရေး ရအောင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်ပဲရှိခဲ့တယ်။    လွတ်လပ်ရေးကို အရယူမယ်ဆိုတဲ့ စိတ်မပျောက်ပျက်ခဲ့တာ ချီးကျူးစရာကောင်းပါတယ်။ တိုင်းပြည်စည်းလုံးနေရင်၊     တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်နေရင်     အနှောင့်အယှက်ဆိုတာ ပေါ်နေမှာပဲ။ မြှောက်ပေးတဲ့သူက   မြှောက်ပေးနေတော့   အနှောင့်အယှက်ကရှိနေမှာပဲ။ ဒါတွေကို နားယောင်ပြီးတော့  လုပ်ခဲ့တဲ့သူကလုပ်ခဲ့လို့  အာဇာနည်နေ့ဆိုတာ   ပေါ်ပေါက်လာခဲ့တာပါ။

အခုချိန်မှာ ဒီလိုမျိုးတွေထပ်မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

စဝ်ကိုင်ဖ (မိုင်းပွန်စော်ဘွားကြီး

စဝ်စံထွန်း၏မိသားစုဝင်)

အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီနှစ်ပြုလုပ်တဲ့အခမ်းအနားကိုလည်း မဖြစ်မနေတက်ဖြစ်အောင်  တက်လာတာပါ။ အသက်လည်းကြီးလာတော့ ကျန်းမာရေးက သိပ်မကောင်းတော့ ဘယ်မှလည်းမသွားနိုင်ဘူး။ ဒါကြောင့် ဒီနေ့အခမ်းအနားကို ဝှီးလ်ချဲနဲ့တက်လာတာပါ။

ဦးသန့်ဇင်ချို

(ဒီးဒုတ်ဦးဘချို၏မိသားစုဝင်)

အာဇာနည်နေ့     အခမ်းအနားကို ကျွန်တော်တို့မောင်နှမတစ်တွေ   နှစ်စဉ် မပျက်လာရောက် ဂါရဝပြုပါတယ်။ အဘိုးအတွက်လည်း ဂုဏ်ယူရပါတယ်။ အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လာရောက်ဂါရဝပြုရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ဒေါက်တာမင်းမြတ် (အတွင်းဝန် ဦးအုန်းမောင်၏မိသားစုဝင်)

ဆရာ့အမေက မဆုံးခင်ကတည်းက မှာသွားတယ်။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့  ဆရာ့အဖေအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ရယူပေးသွားတဲ့လွတ်လပ်ရေးကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ အနေနဲ့  ဆရာတို့  ကျန်းမာသလောက် အာဇာနည်နေ့ကို တက်ရောက်ဖို့ လိုတယ်လို့ပြောတယ်။   နိုင်ငံတော်က ပြုလုပ်ပေးတဲ့အခမ်းအနားဖြစ်တဲ့အတွက် ဆရာတို့ကတော့ ဘယ်သူပဲဦးဆောင်ဆောင်ကျန်းမာရေးကောင်းရင် တက်ဖို့အဆင်သင့်ပဲ။ ဒီနှစ်လည်းတက်တယ်။ နောင်နှစ်လည်း ကျန်းမာရေးကောင်းရင်တော့တက်မှာပါ။

နောင်လာနောက်သားလူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းကြိုးစားခဲ့သလို အတုယူကြိုးစားကြပါ။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အတုယူပြီးတော့ သတ္တိရှိရှိကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။

ဦးအောင်ကိုကို

(ရဲဘော်ကိုထွေး၏မိသားစုဝင်)

(၇၆)နှစ်မြောက်    အာဇာနည်နေ့မှာ အဘအနေနဲ့ လွန်ခဲ့တဲ့ ၇၆ နှစ်က ကျဆုံးသွားကြတဲ့   အာဇာနည်ကိုးဦး အပါအဝင် အဲဒီအချိန်က နိုင်ငံ့ခေါင်းဆောင်ကြီးတွေ၊ အမျိုးသားခေါင်းဆောင်ကြီးတွေကို နှမြောတသလွမ်းဆွတ်မိတယ်၊ ပိုပြီးတော့နှမြောတသဖြစ်မိတယ်၊  ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသားခေါင်းဆောင်ကြီးတွေက အဲဒီအချိန်တုန်းက တာဝန်ကြီးသုံးရပ်ကို ထမ်းဆောင်ခဲ့ကြပါတယ်။   ပထမတာဝန်က မြန်မာနိုင်ငံ  လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ ရရှိရေးဆိုတဲ့တာဝန်၊     ဒုတိယတာဝန်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့တာဝန်၊ တတိယတာဝန်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့အချိန် ဖွံ့ဖြိုးတိုးတက်စည်ပင်ရေးဆိုတဲ့   တာဝန်အဲဒီအချိန်က   လုပ်လို့တော့ မရသေးဘူး။

ဒါပေမဲ့   ပလန်တွေချပြီးတော့   လုပ်ခဲ့ကြတယ်။  အဲဒီတာဝန်သုံးရပ်  ထမ်းဆောင်နေချိန်မှာပဲ မမျှော်လင့်ဘဲ ကျဆုံးသွားကြတယ်။ လွတ်လပ်ရေးရရှိပြီးတဲ့အချိန်မှာလည်း ခေတ်အဆက်ဆက် အစိုးရအသီးသီးက ဒီလုပ်ငန်းတာဝန်သုံးရပ်ကို ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ကြတယ်။ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စည်ပင်ရေး ဆိုတဲ့

ဒီတာဝန်သုံးရပ်ကိုလုပ်ဆောင်ခဲ့ကြတယ်။

ဝမ်းနည်းစရာကောင်းတာက  အခု  ၇၆ နှစ်ကြာတဲ့အချိန်မှာ   တွေ့ကြုံခဲ့ရတာကဒီတာဝန်ကြီးသုံးရပ်ကို နှောင့်ယှက်ဖျက်ဆီးနေတဲ့သူတွေ အများကြီးပေါ်ပေါက်နေတာ ဝမ်းနည်းစရာပဲ။ အဲဒီတော့ ဘာလို့ဖျက်ဆီးသလဲ ပြန်စိစစ်ကြည့်တော့လည်း မြန်မာနိုင်ငံက    တရုတ်နဲ့အိန္ဒိယနိုင်ငံကြားမှာ မဟာဗျူဟာမြောက်တည်ရှိတဲ့   နိုင်ငံဖြစ်တယ်။ အဲဒီတော့ တရုတ်နိုင်ငံနဲ့ဖက်ပြိုင်တဲ့ အနောက်အုပ်စုက မြန်မာနိုင်ငံကို သူတို့ရဲ့ သြဇာခံဖြစ်အောင်လုပ်ဖို့ ကြိုးစားတယ်။

အဘတို့မြန်မာနိုင်ငံက      လက်မခံဘူး။ လက်မခံတဲ့အခါကျတော့ မြန်မာနိုင်ငံကို အင်အားသေးသိမ် လျော့ပါးသွားအောင် လုပ်ဆောင်ကြတယ်။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ပထမဆုံး နိုင်ငံရေးနည်းနဲ့ အထီးကျန်ဖြစ်အောင်လုပ်တယ်။ ဒုတိယ စီးပွားရေးကျဆင်းအောင်လုပ်ပြီးတော့   ချည့်နဲ့အောင်လုပ်တယ်။ တတိယကတော့ လူမှုရေးအရ  ဓလေ့ထုံးစံတွေ၊  ဘာသာရေးဓလေ့ထုံးစံတွေကို ပျက်ပြယ်အောင်လုပ်တယ်။ အဲဒီသုံးရပ်အပြင်ကို နောက်ဆုံးမှာ စစ်ရေးအရ     ဝင်ရောက်စွက်ဖက်မှုတွေ လုပ်လာတာကို  တွေ့ရတယ်။  ဒါက  အခု  နိုင်ငံရဲ့အရှေ့ဘက်နယ်စပ်မှာ     ပြန်ကြည့်မယ်ဆိုရင် အစပျိုးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒီတော့ ပြောချင်တာက ဗိုလ်ချုပ်တို့ဆိုရင်လည်း လူငယ်ပါပဲ။ ဗိုလ်ချုပ်ကျဆုံးတဲ့အချိန် အသက် ၃၂ နှစ်ပဲရှိသေးတယ်။ အလားတူပဲ အာဇာနည်ကိုးဦးထဲမှာပါတဲ့ ရဲဘော်ကိုထွေးဆိုရင်လည်း ၁၈ နှစ်မပြည့်သေးဘူး။  အဲဒီလူငယ်တွေ  အဲဒီအချိန်တုန်းက နိုင်ငံအတွက် ကြိုးကြိုးစားစား လုပ်ဆောင် ခဲ့ကြတယ်။   ယနေ့ခေတ်လူငယ်တွေလည်း ဗိုလ်ချုပ်တို့လို လူငယ်ဘဝမှာ ကြိုးစားအားထုတ်ပြီး      နိုင်ငံကိုတည်ဆောက်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ နိုင်ငံချစ်စိတ်၊   တိုင်းပြည်ချစ်စိတ်   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်   ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

သတင်းအဖွဲ့(ရန်ကုန်)