KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာများရရှိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက်နေ့တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်၊ ပဒုမ္မာလမ်းတွင် ၁ လုံး၊ အမှတ် ၂ ရပ်ကွက်၊ မြို့တော်ဦး ရပ်ကွက်တွင် ၁ လုံးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် ၁ လုံး အသီးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများအား ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဗုံးသီးများ ကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော လူနေရပ်ကွက်များ အတွင်းသို့ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။