ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ၏ဒုတိယအကြိမ် အစည်းအဝေးကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးသည် ကမ္ဘာလုံးဆိုင်ရာ အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်း ကြီးထွားလျက်ရှိသည်။

ထို့ကြောင့် မတော်တဆမှုများဖြစ်ပွားမှု လျော့နည်းပပျောက်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် Road Safety ကိစ္စကိုအထူးအလေးအနက်ထား ဆောင်ရွက်လာနေကြပြီဖြစ်ရာ ယခုဆိုလျှင် ဒုတိယဆယ်စုနှစ်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ WHO ကပြုစုထုတ်ပြန်သည့်အစီရင်ခံစာအရ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့်အသက်ဆုံးရှုံးနေကြရပြီး လူဦးရေ သန်း ၅၀ ကျော်ထိခိုက် ဒဏ်ရာရရှိနေကြကြောင်း သိရှိရသည်။ တစ်နှစ်ထက်တစ်နှစ်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုပြီးတိုးလာနေလျက်ရှိသည်။

လူများသေဆုံးရသည့် အဓိကအကြောင်းရင်းများထဲတွင် Road Accident ကြောင့် သေဆုံးရခြင်းသည် ပထမဆယ်စုနှစ် ကာလတွင် အဆင့်(၈)နေရာတွင် ရှိခဲ့သည်။ ဒုတိယဆယ်စုနှစ်တာ ကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အလွန်နှစ်များတွင် အဆင့်(၃)နေရာသို့ရောက်ရှိလာနိုင်ကြောင်း သုံးသပ်ထားပါသည်။ နိုင်ငံအများစုတွင် Road Accident ကြောင့် နှစ်စဉ် GDP ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ ဆုံးရှုံးနေကြရသည်။

ယခုကဲ့သို့  ထိခိုက်ဆုံးရှုံးနစ်နာမှုများမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးရင်ဆိုင်နေကြရသည်။ ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ချမှတ်ထားသည့်မဏ္ဍိုင်ကြီး(၅)ရပ်နှင့်အညီ ဖော်ဆောင်လျက်ရှိသည်။

လက်ရှိတွင် မဏ္ဍိုင်ကြီး(၅)ရပ်အပြင် ဒုတိယဆယ်စုနှစ်တာကာလအတွက် Global Plan ကိုရေးဆွဲ ခဲ့ကြပြီး 12 Voluntary Targets (၁၂)ချက်ကို ချမှတ်ကာ ယာဉ်/လမ်းအန္တရာယ်ကြောင့် လူသေဆုံးမှုများကို ၂၀၃၀ ပြည့်နှစ်တွင် ထက်ဝက်လျှော့ချနိုင်ရန် ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကအားဖြင့် ပြည်သူအားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးလှသည်။

ထို့အတူ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ၏မူဝါဒ၊ အစီအမံများခိုင်မာစွာ ချမှတ်ပေးနိုင်မှု၊ လုပ်ငန်းစဉ်တစ်ရပ်လုံး အပေါ်တွင် စဉ်ဆက်မပြတ်ကြီးကြပ်ကွပ်ကဲဦးဆောင်နိုင်မှု၊ အသိပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှုနှင့် အရေးယူမှုများ ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်မှုများသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ NRSC ၏၂၀၂၂ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့်ယာဉ်တိုက်မှုက ၉၄ ရာခိုင်နှုန်းခန့်ပါဝင်သော်လည်း တစ်ဖက်က ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံအနေအထား၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများက လည်း ကဏ္ဍတစ်ခုအဖြစ် ဆက်စပ်ပါဝင်နေကြောင်း သိရသည်။

ထို့ကြောင့် လမ်းတစ်ခုကို   စတင်တည်ဆောက်ချိန်ကတည်းက  Road Safety အတွက်ထည့်သွင်း စဉ်းစားခြင်း၊ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့်အချက်ပြများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် တပ်ဆင်ခြင်းနှင့် တည်ဆောက်မှု ပုံစံဒီဇိုင်းကို စနစ်တကျ သုံးသပ်တွက်ချက် တည်ဆောက်ခြင်းများ စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ လမ်းညွှန်းများ၊  လမ်းအမှတ်အသားများနှင့် အချက်ပြများ ပြည့်စုံမှန်ကန်ရေးသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတွင် အလွန်အရေးပါသည့် လိုအပ်ချက်တစ်ရပ် ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲက  ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊  လမ်းအမှတ်အသားများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။ NRSC ၏ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး^ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှုစုစုပေါင်း ၂၄၃၁ ကြိမ်ဆောင်ရွက်နိုင်ခဲ့သည်။ လမ်းညွှန်း ၁၇၄၁၄ ခု၊ အလျားလိုက်မျဉ်းအမှတ်အသား ၁၁၄၁ မိုင်၊ ကန့်လန့်ဖြတ်မျဉ်းအမှတ်အသား ၅၈၆ ခု၊ အခြားလမ်း အမှတ်အသား ၆၉၆၄ ခုနှင့် အချက်ပြ ၅၅၃ ခုပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည်။ ထပ်မံဆောင်ရွက်မှုများအနေဖြင့် လမ်းညွှန်း ၁၃၀၀၂ ခု၊ အလျားလိုက်မျဉ်းအမှတ်အသား ၈၄၄ မိုင်၊ ကန့်လန့်ဖြတ်မျဉ်းအမှတ်အသား ၆၉၅ ခု၊ အခြားလမ်းအမှတ်အသား ၃၇၉၉ ခု၊ အချက်ပြ ၁၃၈ ခု ဆောင်ရွက်နိုင်ခဲ့သည်။အနှစ်ချုပ်ဆိုရသော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရည်မှန်းချက်များ အောင်မြင်ရေးတွင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါကြောင်း။   ။