နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု

နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂ ရက်)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”မူ”ကို ဆက်လက်လိုက်နာ ကျင့်သုံးလျက်ရှိသည်။ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိသည်မှာ နှစ်ကာလအားဖြင့် များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)တွင် အာဆီယံ၏ ရည်ရွယ်ချက်များ၊ အာဆီယံ ပဋိညာဉ်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏  တည်နေရာသည် အရှေ့တောင်အာရှတွင် ရှိသကဲ့သို့ တောင်အာရှတွင်လည်း တည်ရှိသည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့တွင်လည်း မြန်မာနိုင်ငံသည် အဖွဲ့ဝင်ဖြစ်သည်။  ထိုအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည်။ ဘင်းမ်စတက်အဖွဲ့ (Bay of Bengal Initiatives for Multi - Sectoral Technical and Economic Cooperation-BIMSTEC) သည် အာဆီယံကဲ့သို့ အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။  ယခုအခါ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည်။   

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အဖွဲ့အစည်းတိုင်းတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသည်။ ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင် ၁၇ ရက်တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် ပြင်ပမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်းမ်စတက် အနာဂတ် ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြား ပညာရှင်များအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးများ ကျင်းပရေးတို့အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင်ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် ကပ်ရောဂါ၊ ငွေကြေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်တို့နှင့် ရင်ဆိုင်တွေ့ကြုံရပါက ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားသော ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ ကိစ္စများဖြစ်သည့် နိုင်ငံဖြတ်ကျော်  ငွေပေးချေရေးစနစ် ထူထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့ကို ထည့်သွင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation-BIMSTEC) သည် ဒေသတွင်း အဖွဲ့ဝင်ခုနစ်နိုင်ငံ ပါဝင်သည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ(၇)ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် ပြည်သူ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိသည့်နိုင်ငံဖြစ်သည်။ သို့ဖြစ်ပေရာ ဘင်းမ်စတက်အဖွဲ့၏ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်မှာ မှန်ကန်သည့် ရွေးချယ်မှုဖြစ်ပေသည်။

ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်နေသည့် ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေအား ဘင်းစတက် အတွင်းရေးမှူးချုပ်က ဇူလိုင် ၁၆ ရက်မွန်းလွဲပိုင်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက်ပဋိညာဉ် (BIMSTEC Charterမ)အား မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့သည့် စာလွှာ(မူရင်း)ကို အတွင်းရေးမှူးချုပ်ထံ အပ်နှံခဲ့သည်။ မြန်မာနိုင်ငံသည် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဘင်းမ်စတက်ပဋိညာဉ်အား အတည်ပြု ပါဝင်ခဲ့ပြီးဖြစ်ပေရာ ဘင်းမ်စတက်အစီအစဉ်များ ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။