ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၂
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးနှင့် မိုခါမုန်တိုင်း ဒဏ်ခံစားခဲ့ရသော ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ ပုသိမ်မြို့၊ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ၊ တိုင်းဧရာအစာစပ်စက်ရုံ အစာထုတ်လုပ်နေမှုနှင့် တပ်ရင်း/တပ်ဖွဲ့များ၌ တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက တောင်ကုတ်တပ်နယ်ရှိ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များမှ စိုက်ပျိုးမွေးမြူရေး ခြံများကို လည်းကောင်း အသီးသီး သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။