သိပ္ပံပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM) တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတို့၌ ဇွန် ၂၈ ရက်တွင် ကျင်းပခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ၊ သိပ္ပံဆိုင်ရာကဏ္ဍများတွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများ၊ သိပ္ပံပညာကို စိတ်ဝင်စားသည့်ပြည်သူများ လာရောက် လေ့လာခဲ့ကြသည်။
သိပ္ပံပွဲတော်ကျင်းပခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားနည်းပညာရပ် အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များနှင့် အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားစေပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတစ်ဆင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်တွင် သိပ္ပံနှင့်နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ တက်လှမ်းလျက်ရှိရာတွင် သိပ္ပံပညာရပ်သည် အဓိကကျလှသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သော်လည်း ပြည်သူများအနေဖြင့် ခေတ်မီတိုးတက်နေသော သိပ္ပံနှင့်နည်းပညာလောကတွင် အားလုံးတန်းတူ တိုးတက်မှုများရရှိနိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာရပ်များကို စိတ်ဝင်စားနေကြရမည် ဖြစ်သည်။ နိုင်ငံတကာတွင် သိပ္ပံနှင့်နည်းပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြင့် လောကသစ်အား တည်ဆောက် နေကြသည်ကို အတုယူအားကျဖွယ် မြင်တွေ့နေကြရသည်။ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သိပ္ပံပြပွဲတစ်ခုကို ပြသခြင်းမှာ နိုင်ငံ၏အနာဂတ်အတွက် သိပ္ပံဆိုင်ရာလမ်းကြောင်းတစ်ခု၊ လမ်းစတစ်ခုကို အစပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါ သိပ္ပံပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပခဲ့ရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နျူကလီးယားနည်းပညာနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စွမ်းဂိမ်းပြိုင်ပွဲများ ကျင်းပပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ၊ လူငယ်ပညာရှင်များ ပါဝင်သည့် အဖွဲ့လိုက်ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း လေ့လာရေး အစီအစဉ်များ၊ အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူများက နျူကလီးယားစွမ်းအင်နှင့် ဆက်စပ်သိပ္ပံခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများက ပြန်လှန်မေးမြန်းဆွေးနွေးခြင်း၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာ အသိပညာ ဗဟုသုတများ မျှဝေပေးခြင်း အစီအစဉ်များပါဝင်သည်။
သိပ္ပံပွဲတော် ဒုတိယနေ့တွင် Hack Atom ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက နျူကလီးယားနည်းပညာဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု၊ နျူကလီးယားဆေးပညာ စသည့် ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ အသိပညာများကို ပြည်သူများထံ ထိရောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လက်တွေ့ကျသော နည်းလမ်းများရှာဖွေပြီး ၂၄ နာရီအတွင်း ၎င်းတို့ဆောင်ရွက်ထားရှိသည့် အင်တာနက် အပလီကေးရှင်းနှင့် ဝက်ဆိုက်များဖန်တီးမှုနှင့် ရလဒ်များကို ပါဝါပွိုင့်များဖြင့် စိတ်ဝင်စားဖွယ် ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြချက်များအပေါ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute)မှ ပါမောက္ခများ ပူးပေါင်းပါဝင်ဆောင်ရွက်သောဘုတ်အဖွဲ့က အကဲဖြတ် အမှတ်ပေးကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းသုံးသင်းအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။
ယခုပြုလုပ်သော သိပ္ပံပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပွဲတော်တွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ သိပ္ပံပညာရှင်များ၏ ဆွေးနွေးချက်များနှင့် ခင်းကျင်း ပြသမှုများသည် မြန်မာနိုင်ငံမှ ပြည်သူများအတွက် သိပ္ပံပညာဆိုင်ရာ အသိအမြင်တိုးပွားခဲ့သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရာ၌ သိပ္ပံပညာသည် အဓိကကျသည့် လိုအပ်ချက်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းနေသော သိပ္ပံပညာရပ်များလိုအပ်သည်။ ခေတ်မီတိုးတက်ပြီး အဆင့်မြင့်မားသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာ တွင်လည်းကောင်း၊ ပညာရပ်ဆိုင်ရာများ လေ့လာဆည်းပူးရာတွင်လည်းကောင်း တိုးတက်ဖြစ်ထွန်းနေသည့် သိပ္ပံပညာရပ်များ ပေါင်းစပ်ဆောင်ရွက်မှသာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် တိုးတက်မှုများ ရရှိမည်ဖြစ်သည်။ အများပြည်သူ လူမှုဘဝနယ်ပယ်တွင် ယခုကဲ့သို့ ပြည်သူများစိတ်ဝင်စားသည့် သိပ္ပံပညာရပ်များကို ပထမဆုံးမျှဝေပေးခဲ့ခြင်းမှာ နိုင်ငံတော်၏ အနာဂတ်အတွက် များစွာအကျိုးရှိစေမည် ဖြစ်သည်။ အနှစ်ချုပ်ရဆိုသော် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော သိပ္ပံပညာရှင်များ ပေါ်ပေါက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။