တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရပ်တော်မူထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၊ တောင်တန်းသာသနာပြု ထောက်ပံ့ရေးအသင်း၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို အဆိုပါကျောင်း၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်သလ္လံ စေတီတော်မြတ်ကြီးရှိ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် နှစ်ပတ်လည် အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အဆိုပါကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ လည်းကောင်း ယနေ့တွင်  အသီးသီး ပြုလုပ်ကြရာ သက်ဆိုင်ရာ ကျောင်းတိုက်များမှ ဆရာတော်ကြီး များ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက် ဆရာတော်ကြီး များထံမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန် စိမ်းများ လောင်းလှူကြသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်ခဲ့သည့် စာအောင် သံဃာ ၈ ပါးတို့ကို ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံ၌ စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။