ကောင်းခြင်းမင်္ဂလာ ဆင်ဖြူရတနာ

ကောင်းခြင်းမင်္ဂလာ ဆင်ဖြူရတနာ

 

ဆင်ဖြူတော်ရတနာသည်  နိုင်ငံတစ်နိုင်ငံ၏ခေတ်တစ်ခေတ်တွင်ပေါ်ထွန်းခဲသော ရတနာတစ်ပါး  ဖြစ်သည်။ ဆင်ဖြူရတနာဆိုက်ရောက်လာခြင်းသည် အလွန်ပင်ကံထူးခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက်  ကောင်းကျိုးအဖြာဖြာကို ဖြစ်ပေါ်စေခဲ့သည်မှာ ရှေးသမိုင်းကြောင်းများအရ သိသာထင်ရှားသည်။ ထိုဆင်ဖြူတော်ရတနာကို ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံများတွင်  အလေးအမြတ် တန်ဖိုးထားကြသည်။  ဆန်ရေစပါးပေါကြွယ်ဝပြီး အေးချမ်းသာယာဝပြောသည့် အတိတ်နိမိတ်ကို ဆောင်ကာ ကောင်းကျိုးပွားများသည့်အတွက် ဆင်ဖြူတော်ဂုဏ်အင်္ဂါများကို အသိအမှတ်ပြုလေ့ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရတနာဆင်ဖြူတော်လေး၏ ရဋ္ဌနန္ဒက  ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်းအပ်နှင်းပေးပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ ရတနာ ဆင်ဖြူတော်လေးအား ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော် တက်မင်္ဂလာအခမ်းအနားကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အရှေ့ဘက် ဝတ္ထုကံ မြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဆင်ဖြူတော်ကို ဂုဏ်ပြုသောအားဖြင့် ရှေးထုံးအစဉ်အလာနှင့်အညီ အနန္တရာယိကမင်္ဂလာ- အန္တရာယ်ကင်း မင်္ဂလာ၊ ဂေဟပ္ပဝေသနမင်္ဂလာ- အဆောင်တော်တက်မင်္ဂလာ၊ အာဟာရဘုဉ္ဇနမင်္ဂလာ-အစာအာဟာရ ကျွေးမွေးခြင်းမင်္ဂလာ၊ ရဝိန္ဒုဒဿနမင်္ဂလာ-နေလပြမင်္ဂလာ၊ နာမကရဏမင်္ဂလာ- ဘွဲ့နာမံအမည်တော်ပေး မင်္ဂလာ၊ ပဏ္ဏာကာရပရိသိဋ္ဌဒါနမင်္ဂလာ-ရတနာဆင်ဖြူတော်အားလက်ဆောင်လက်ဖွဲ့ ပေးအပ်ခြင်းမင်္ဂလာ၊ အဘိသေကဇယမင်္ဂလာ-ရတနာဆင်ဖြူတော်အား ဘိသိက်တော်အောင်ပွဲမင်္ဂလာဟူ၍   မင်္ဂလာ(၇)မျိုး ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပုဂံခေတ်နောက်ပိုင်း မြန်မာ့သမိုင်းအဆက်ဆက်မှာလည်း ဆင်ဖြူရရှိဆက်သခံရသည့် ဘုရင်မင်းမြတ်တို့မှာ   ဆင်ဖြူတော်ပိုင်ဆိုင်ခြင်းနှင့်အတူ သြဇာတိက္ကမကျော်စောထင်ရှားခြင်း၊ တိုင်းသူပြည်သားများ စည်ပင်ဝပြောခြင်း၊ တိုင်းပြည်အေးချမ်းသာယာခြင်းစသည့်ကျက်သရေ မင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံ ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။ ပုဂံခေတ်ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သော အနော်ရထာမင်းတရား၊  တောင်ငူခေတ်ဒုတိယမြန်မာနိုင်ငံတော်ကိုအောင်မြင်စွာ ထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားနှင့် ကုန်းဘောင်ခေတ်တတိယမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်ခဲ့သော အလောင်းမင်းတရားတို့မှာလည်း ဆင်ဖြူများရှင်မင်းတရားကြီးများ ဖြစ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်ယခုပေါ်ထွန်းသော ဆင်ဖြူတော်သည် ဒသမမြောက်ဆင်ဖြူတော်ဖြစ်သည်။ ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာရှစ်ချက်တွင် ခုနစ်ချက်ကိုက်ညီမှုရှိသည်မှာ လွန်စွာထူးခြားခြင်းပင်ဖြစ်သည်။ နာမကရဏ

မင်္ဂလာ-ဘွဲ့နာမံအမည်တော်ပေးမင်္ဂလာအရ ဒသမမြောက်ဆင်ဖြူတော်လေးအား ရဋ္ဌနန္ဒက ဟုနာမံပေး ခြင်းမှာ တိုင်းပြည်ကချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းမည့် ဆင်ဖြူရတနာအဖြစ် အလွန်ကောင်းမွန်ပြည့်ဝသည့်အဓိပ္ပာယ်ကိုဖော်ကျူးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်ဖြူတော်ပေါ်ထွန်းခဲ့သော  ခေတ်ကာလအပိုင်းအခြားများကို ပြန်လည်လေ့လာ ကြည့်ပါက တိုင်းပြည်သာယာဝပြောရေးကို အထူးတလည် ဆောင်ရွက်နေသောခေတ်ကာလများဖြစ်သည် ကိုတွေ့မြင်နိုင်သည်။ ဆင်ဖြူတော်ကိုးစီးပေါ်ထွန်းလာခဲ့ပြီး ယခုဆင်ဖြူတော်မှာ ဒသမမြောက် ဆင်ဖြူ ရတနာဖြစ်သည်။ အဆိုပါဆင်ဖြူရတနာကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြားအသွင်သဏ္ဌာန် ရှိသည့်ဆင်ဖြူတော်(အထီး) ကလေးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင်မွေးဖွားခဲ့ပါသည်။

အဆိုပါဆင်ဖြူတော်ကလေးမှာ ရှေးသမိုင်းပညာရှိများ၏မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများရှိသည်။ ယင်းတို့မှာ မျက်လုံးမှာပုလဲရောင်၊ ကျောကုန်းမှာငှက်ပျောကိုင်းသဏ္ဌာန်၊ အမွေးရောင်မှာအဖြူရောင်၊ အမြီးမှာတံခါးပိတ်၊ အရေပြားမှာသြဇာကွက်၊ အသားအရေမှာပန်းရောင်၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါပြီး နားရွက်မှာနားကြီးခြင်းတို့ ရှိရမည်ဖြစ်ကြောင်း အချက်ရှစ်ချက်ဖြင့်ဖော်ပြထားပါသည်။

ဆင်ဖြူတော်လေးသည် လူနှင့်လွန်စွာယဉ်ပါးလှပြီး  သွက်လက်မြူးကြွကာ ကလေးငယ်တစ်ဦးကဲ့သို့ ချစ်စရာကောင်းလှသည်။ ထို့ကြောင့်လည်း တိုင်းပြည်ကချစ်ခင်မြတ်နိုးသလို တိုင်းပြည်၏သာယာဝပြောခြင်း

ကိုလည်း ဆောင်ကြဉ်းပေးမည့်အမည်ကို မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယခုအခါဆင်ဖြူတော်လေးမှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် အသက် (၁) နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ ဆင်ဖြူတော်လေး မွေးနေ့ (၁) နှစ်ပြည့်မြောက်ခြင်းနှင့်အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ကောင်းခြင်းမင်္ဂလာ အဖြာဖြာသည်လည်း ဖြစ်ပေါ်လာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။